နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး စစ်တွေ၊ မြေပုံ၊ ပေါက်တောမြို့နယ်များ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု သွားရောက်ကြည့်ရှုစစ်ဆေး စစ်တွေ    ဇူလို

Tuesday, July 11, 2023 - 16:15

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၏ ရခိုင်ပြည်နယ်ခရီးစဉ်တွင်လိုက်ပါလာသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယ ဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် ပြည်ထောင်စုအစိုးရအဖွဲ့၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ‌ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ဒုတိယဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့နယ်၊ မြေပုံမြို့နယ်နှင့် ပေါက်တော မြို့နယ်များအတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှု စစ်ဆေးကြသည်။

ဦးစွာ ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်အဖွဲ့သည် စစ်တွေမြို့၊ အမှတ်(၁၂) လုံခြုံရေးရဲတပ်ဖွဲ့ခွဲ သို့သွားရောက်ပြီး မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် အဆောက်အဦများအား ပြန်လည် ပြုပြင်နေမှု၊ ယာယီဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။ ဆက်လက်၍ ရဲတပ်ဖွဲ့ခွဲမှူးရုံး၌ မိုခါမုန်တိုင်းဒဏ်ကြောင့် အဆောက်အဦများနှင့် နေအိမ်တန်းလျား များပြုပြင်ပြီးစီးမှု နှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်အဖွဲ့သည် စစ်တွေလေဆိပ်သို့သွားရောက်ကြည့်ရှု စစ်ဆေးကြရာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလူမော်က ဆိုင်ကလုန်း မုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် လေဆိပ်အဆောက်အဦများ၊ ဝန်ထမ်းအိမ်ရာများ ပျက်စီးခဲ့မှုနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် လေယာဉ်ကွင်းတိုးချဲ့ ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြရာ ဗိုလ်ချုပ်ကြီး မြထွန်းဦးက လေယာဉ်ကွင်းနှင့် လေဆိပ်အဆောက် အဦးများ သန့်ရှင်းသာယာရေး၊ လေယာဉ်ပြေးလမ်းတစ်ဖက်တစ်ချက်နှင့် လေယာဉ်ရပ်နားရန်နေရာ အနီးရှိ ချုံနွယ်ပေါင်းမြက်များ ရှင်းလင်းဆောင်ရွက်ရေးတို့ကို မှာကြားသည်။

ထို့နောက် ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်အဖွဲ့သည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသို့သွားရောက် ကြည့်ရှုစစ်ဆေးရာ ဒုတိယဝန်ကြီးနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ပြည်နယ်မန်နေဂျာတို့က မုန်တိုင်းဒဏ်ကြောင့် ပြတ်တောက်ခဲ့သည် ဆက်သွယ်ရေးလိုင်းများ၊ အဝေးဆက်သွယ်ရေး လမ်းကြောင်းများ၊ ရုံးအဆောက်အဦများနှင့် ဝန်ထမ်းအိမ်ရာများ ပြုပြင်ပြီးစီးမှုတို့ကိုရှင်းလင်း တင်ပြသည်။ ယင်းနောက် ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်အဖွဲ့သည် ဆက်သွယ်ရေးရုံးဝင်းအတွင်း ယာယီတာဝါတိုင်တည်ဆောက်ထားရှိမှုနှင့် တာဝါတိုင်အသစ်တည်ဆောက်နေမှုတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်အဖွဲ့သည် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဆိပ်ခံတံတားသို့ သွားရောက်ကြည့်ရှုစစ်ဆေးကြပြီး ထိုမှတစ်ဆင့် မြန်မာ့စီးပွားရေးဘဏ်သို့ သွားရောက်ကာ ဝန်ထမ်းများ ရုံးလုပ်ငန်း ဆောင်ရွက်နေမှု၊ ဘဏ်ငွေတိုက်နှင့် ဘဏ်လုံခြုံရေး ရဲကင်းတို့ကိုလှည့်လည်ကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်အဖွဲ့သည် အမှတ်(၃၆) လုံခြုံရေးရဲတပ်ဖွဲ့ခွဲသို့ သွားရောက်ပြီး အစည်းအဝေးခန်းမ၌ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား တွေ့ဆုံအားပေးစကားပြောကြားကာ ထောက်ပံ့ငွေများပေးအပ်သည်။

ထို့နောက် ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်အဖွဲ့သည် မြေပုံမြို့သို့သွားရောက်ပြီး မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် တွေ့ဆုံသည်။ တွေ့ဆုံပွဲတွင် မြေပုံမြို့နယ်၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကြီးကြပ်ဆောင်ရွက်ရန် ရောက်ရှိနေသည့် ဗိုလ်မှူးချုပ်  ကျော်ကျော်စိုးက မုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများအပေါ်ရှင်းလင်း ဆောင်ရွက်ထားရှိမှုနှင့် ကယ်ဆယ်ရေးပစ္စည်းများ စနစ်တကျဖြန့် ဝေထားရှိမှု၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြသည်။

 ဗိုလ်ချုပ်ကြီး မြထွန်းဦးက မိတို့ဌာနအလိုက် လုပ်ငန်းတာဝန်များကို စည်းစည်းလုံးလုံးဖြင့် ဆောင်ရွက်နေကြသည်ကိုတွေ့ရှိရသည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ ဌာနဆိုင်ရာများ အနေဖြင့် မြို့မိ၊ မြို့ဖများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းကာ ပြန်လည်ထူထောင်ရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်သွားကြရန် အမှာစကားပြော ကြားသည်။ ဆက်လက်၍ ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်အဖွဲ့သည် မြို့မရဲစခန်းနှင့် စခန်းအတွင်းရှိ မြန်မာ့စီးပွားရေးဘဏ်ငွေတိုက်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး မြန်မာ့စီးပွားရေးဘဏ်သို့ သွားရောက်၍ ဝန်ထမ်းများအားတွေ့ဆုံအားပေးစကား ပြောကြားကာ ဘဏ်အတွင်းလှည့်လည် ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်အဖွဲ့သည် ပေါက်တောမြို့သို့သွားရောက်ပြီး မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖ များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တွေ့ဆုံသည်။ တွေ့ဆုံပွဲတွင် ပေါက်တောမြို့နယ်တွင် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ကြီးကြပ်ဆောင်ရွက်ရန် ရောက်ရှိနေသည့် ဗိုလ်မှူးချုပ်  ဆန်နီအုန်းက ကယ်ဆယ်နှင့်ပြန်လည်ထူထောင်ရေးပစ္စည်းများ ရောက်ရှိနေမှု၊ စနစ်တကျဖြန့်ဝေထားရှိမှု၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြသည်။

တင်ပြချက်များအပေါ် ဗိုလ်ချုပ်ကြီး မြထွန်းဦးက မုန်တိုင်းတိုက်ခတ်ပြီးနောက် ပညာရေး၊ ကျန်းမာရေး၊ သာသနိက အဆောက်အဦများအား ဦးစားပေးဆောင်ရွက်ခဲ့မှု၊ မိုးစပါးများ အချိန်မီစိုက်ပျိုး နိုင်ရန်အတွက် ထွန်စက်နှင့်လက်တွန်းထွန်းစက်များ ဖြန့်ဖြူးပေးထားမှု၊ အထွက်နှုန်းကောင်းသည့် မျိုးစပါးများ ဖြန့်ဝေပေးနေမှု၊ ဆက်သွယ်ရေးလိုင်းများကောင်းမွန်အောင် ဆောင်ရွက်ခဲ့မှုနှင့် လျှပ်စစ်မီးများရရှိအောင်ဆောင်ရွက်ခဲ့မှုနှင့် ကျေးရွာများအထိ လျှပ်စစ်မီးများ ရရှိနိုင်ရေးဆောင်ရွက်နေမှုတို့ကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။