ဖျာပုံမြစ်ဝတွင် သောင်တင်နေသော ကုန်တင်ရေယာဉ်တစ်စီးအား တပ်မတော် (ရေ) ကွပ်ကဲမှုအောက် စစ်ဆင်ရေး ရေပြင်ဧရိယာအတွင်း တာဝန်ထမ်းဆောင်လျက် ရှိသည့် အမြန်သွားကင်းလှည့်ရေယာဉ် မှ ကူညီဆောင်ရွက်ပေးခြင်း နေပြည်တော်၊ ၂၀၂၃  ဇူလိုင် (၁၀)ရက်

Monday, July 10, 2023 - 16:30

တပ်မတော် (ရေ) ကွပ်ကဲမှုအောက် စစ်ဆင်ရေးရေပြင်ဧရိယာအတွင်း တာဝန် ထမ်းဆောင်နေသော အမြန်သွားကင်းလှည့် ရေယာဉ်မှ  လုံခြုံရေးတပ်ဖွဲ့ဝင်များသည်  ဇူလိုင် ၉ ရက်နေ့ ည ၁၁ နာရီခန့်အချိန်၌ ဖျာပုံမြစ်ဝတွင် ကုန်တင်ရေယာဉ်တစ်စီး သောင်တင်နေကြောင်း သတင်းရရှိသဖြင့် သွားရောက်ခဲ့ရာ  ဖျာပုံမြို့မှ မြိတ်မြို့သို့ ထွက်ခွာလာသော  MV LASHIO  ကုန်တင် ရေယာဉ်သည် တက်မထိန်းစနစ် ချို့ယွင်း ပြီး သောင်တင်လျက်ရှိနေသည်ကို တွေ့ရှိသဖြင့် ကုန်တင်ရေယာဉ်ပေါ်ရှိ ရေလုပ်သား များအား ကျန်းမာရေးနှင့် အခြားလိုအပ်သည့် အကူညီပေးခြင်းများ ဆောင်ရွက်ခဲ့ သည်။

ထိုသို့ကူညီဆောင်ရွက်ပေးရာတွင် ဖျာပုံမြစ်ဝဒီရေအမြင့်ဆုံးအချိန်ဖြစ်သည့် ဇူလိုင် ၁၀ ရက် နံနက် ၀၈၀၀ နာရီခန့်တွင် MV ချမ်းလတ်လတ် ကုန်တင် ရေယာဉ်ဖြင့် သောင်တင်နေသည့် MV LASHIO ကုန်တင်ရေယာဉ်အား သောင်မှ လွတ်မြောက်အောင် ကူညီတွဲဆွဲစေခဲ့ပါသည်။ ၎င်းနောက် အဆိုပါ ရေယာဉ်သည် တက်မထိန်းစနစ် ချို့ယွင်းလျက်ရှိသဖြင့် MV ချမ်းလတ်လတ် ကုန်တင်ရေယာဉ်မှ Side Tow ဆွဲ၍ ဖျာပုံမြို့တွင် ပြန်လည် ပြုပြင်နိုင်ရေးတို့ကို အဆင်ပြေအောင်မြင် အောင် စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။