ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်မုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက   သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ နေပြည်တော်၊ ဇူလိုင် - ၆

Friday, July 7, 2023 - 16:30

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများကို သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများ အဖြစ်ကြေညာချက်များ ထုတ်ပြန်၍ ယင်းကြေညာချက်များပါ ဒေသ များတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။

ထိုသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခန့်အပ် တာဝန်ပေးအပ်ထားရှိရာ ယနေ့တွင် ချင်းပြည်နယ်၊ ဟားခါးမြို့သို့ ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင် သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ချင်းပြည်နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနခန်းမ၌ ပြုလုပ်သော မုန်တိုင်းကြောင့် ပျက်စီးသွားသည့် လူနေအိမ်အဆောက်အဦ ၉၂၆ လုံး အတွက် သွပ်၊ သံ၊ သစ်ထောက်ပံ့ပေးအပ်ပွဲကို တက်ရောက်အမှာစကားပြောကြားပြီး ပျက်စီးသွားသော လူနေအိမ်အဆောက်အဦများအတွက် ထောက်ပံ့ငွေများ ပေးအပ် သည်။

အလားတူ ဘူးသီးတောင်မြို့သို့ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ် ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ပြုလုပ်လျက် ရှိသည့် (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် (အကြို) ကဗျာပြိုင်ပွဲနှင့် KG ကလေးငယ်များ ကာယညာဏစွမ်းရည်ပြိုင်ပွဲ ကျင်းပနေမှုအား သွားရောက် ကြည့်ရှုအားပေးပြီး ကလေးငယ်များအား အာဟာရဖြည့်စွက်စာနှင့် ကျောင်းသုံး ဗလာစာအုပ်များ ပေးအပ်သည်။ ယင်းနောက် ပြည်သူ့စာကြည့်တိုက်၌ စာအုပ် စာစောင်များ ခင်းကျင်းပြသထားရှိမှု၊ ထားသိုမှုစနစ်များနှင့် ပြတိုက်ငယ် (MiniMuse) နှင့် နံရံကပ်စာစောင်၊ ဓာတ်ပုံများ ပြသထားရှိမှုအား လိုက်လံကြည့်ရှု ခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးသည်။

ထို့အတူ မြောက်ဦးမြို့သို့ရောက်ရှိနေသည့် ဗိုလ်ချုပ် သောင်းထိုက်ရွှေ သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အောင်တပ်ရပ်ကွက်၊ မြောက်ဦးရွှေမင်းသမီး မွေးမြူရေးခြံရှိ နို့စားနွား၊ ဥစားကြက်နှင့် ဆိတ်များအား မွေးမြူထားရှိမှုတို့ကို သွားရောက်အားပေးကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

အလားတူ စစ်တွေမြို့သို့ရောက်ရှိနေသော ဗိုလ်မှူးချုပ် အောင်ကျော်မိုးသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ရခိုင်ပြည်နယ်ဘိုးဘွားရိပ်သာရှိ အဘိုး၊ အဘွား များ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးမူလတန်းကြိုကျောင်းရှိ ကလေးငယ်များ၊ ABC မိဘမဲ့ဂေဟာကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား စားသောက်ကုန်ပစ္စည်းများ နှင့် ရိက္ခာဆန်အိတ်များအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။