မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ လက်လုပ်မိုင်း ပြုလုပ်စဉ် ပေါက်ကွဲမှုဖြစ်ပွား၊ အမျိုးသား ၂ ဦးဒဏ်ရာရရှိ

Thursday, May 6, 2021 - 18:30

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ လက်လုပ်မိုင်း ပြုလုပ်စဉ် ပေါက်ကွဲမှုဖြစ်ပွား၊ အမျိုးသား ဦးဒဏ်ရာရရှိ

နေပြည်တော်၊ မေ ၆

            မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ မေလ ၅ ရက်နေ့တွင် လက်လုပ်မိုင်းပြုလုပ်စဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းနှင့် အမျိုးသား ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

            ဖြစ်စဉ်အား စိစစ်ခဲ့ရာ ယင်းနေ့ နေ့လယ် ၁ နာရီခွဲအချိန်တွင် မွန်ပြည်နယ်၊ သံဖြူဇရပ် မြို့နယ်၊ ရန်အောင်မြေရပ်ကွက်၊ ယုမဝလမ်းနေ ကြည်စိုး(ခ)ကိုဖြိုး(၄၀)နှစ်(ဘ)ဦးအေးမောင် ပိုင်ဆိုင်သည့် ရန်အောင်မြေရပ်ကွက်၊ အမှတ်(၁)လမ်းရှိ ခြံဝင်းအတွင်း ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ကြည်စိုး (ခ)ကိုဖြိုးအား ဖမ်းဆီးရမိခဲ့သည်။ ၎င်းအား စစ်ဆေးမေးမြန်းခဲ့ရာ အဆိုပါခြံဝင်းအတွင်း ရေတွင်း အနီး၌ ကြည်စိုး(ခ)ကိုဖြိုးနှင့် ၎င်း၏ မိတ်ဆွေများဖြစ်သည့် သက်ဦး(၅၃)နှစ်(ဘ) ဦးကျော်မြင့်၊ ကျော်သက်ထွန်း (၃၉)နှစ် (ဘ) ဦးထွန်းမောင်တို့ ၃ ဦးသည် ဆူပူအကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုရန်အတွက် လက်လုပ်မိုင်းပြုလုပ်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး သက်ဦးနှင့် ကျော်သက်ထွန်း တို့ ၂ ဦးမှာ ဒဏ်ရာများ ရရှိကာ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရှိရသည်။

            ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက တိမ်းရှောင်နေသူများအား ဖမ်းဆီးရမိနိုင်ရေး စုံစမ်းဖော်ထုတ်ဆောင်ရွက်ခဲ့ရာ သက်ဦးအား သံဖြူဇရပ်မြို့နယ်၊ မြမာလာကျေးရွာအနီး ရာဘာ တောအတွင်း၌ မျက်နှာနှင့် ရင်ဘက်တို့တွင် အရေပြားစုတ်ပြဲဒဏ်ရာများဖြင့် ဖမ်းဆီးရမိခဲ့သဖြင့် ဆေးဝါး ကုသမှုခံယူနိုင်ရေး သံဖြူဇရပ်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေ လျက်ရှိပါသည်။

            ဖြစ်စဉ်တွင် ဖမ်းဆီးရမိတရားခံများဖြစ်သည့် ကြည်စိုး(ခ)ကိုဖြိုးနှင့် သက်ဦးတို့အား ဥပဒေနှင့် အညီ အရေးယူနိုင်ရေးနှင့် တိမ်းရှောင်ထွက်ပြေးလျက်ရှိသည့် တရားခံကျော်သက်ထွန်းအား ဖမ်းဆီး ရမိနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ သည်။