ဝိုင်းမော်မြို့နယ်နှင့် ဗန်းမော်မြို့အတွင်း KIA အဖွဲ့က အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်

Thursday, May 6, 2021 - 18:15

ဝိုင်းမော်မြို့နယ်နှင့် ဗန်းမော်မြို့အတွင်း KIA အဖွဲ့က အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်

နေပြည်တော်၊ မေ - ၆

          ကချင်ပြည်နယ်၊ ပန်ဝါမှ စက်သုံးဆီပို့ဆောင်ပြီးဝိုင်းမော်မြို့သို့ ပြန်လည်ထွက်ခွာ လာသည့် ဟိန်းအောင်စက်သုံးဆီကုမ္ပဏီမှ ၁၂ ဘီးယာဉ်  ဆီဘောက်ဆာ ၃ စီးအား မေ ၅ ရက် ညနေ ၅ နာရီ ၁၅ မိနစ်ခန့်တွင် ဝိုင်းမော်မြို့နယ်၊ ဝါးရှောင် ကျေးရွာ၏ အနောက်ဘက် မီတာ ၇၀၀ ခန့်အကွာသို့ အရောက်၌ KIA အဖွဲ့က လက်နက်ငယ် များဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့ရာ ယာဉ်မောင်း စိုင်းထက်အောင်တွင် လက်နက်ငယ် ထိမှန်ဒဏ်ရာများရရှိခဲ့ပြီး ဆီဘောက်ဆာ ၃ စီး၏ ရှေ့လေကာမှန်များ၊ ယာဉ် ကိုယ်ထည်များနှင့် ဘီးများတွင် လက်နက်ငယ်ကျည်များ ထိမှန်ပျက်စီးခဲ့ပြီး မော်တော် ယာဉ်တစ်စီးအား KIA အဖွဲ့က မီးရှို့ဖျက်ဆီးခဲ့ကြောင်းနှင့် ကျည်ထိမှန် ဒဏ်ရာရရှိသူ အား ဝိုင်းမော်မြို့နယ်၊ မွန်မြတ်စေတနာ နာရေးကူညီမှုအသင်းမှမော်တော်ယာဉ်ဖြင့် ဝိုင်းမော်မြို့ ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ပြီး ၎င်းမှတစ်ဆင့် တပ်မတော်ဆေးရုံသို့ ဆက်လက်ပို့ဆောင်စဉ် စိုင်းထက်အောင်မှာ ရရှိဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

          အလားတူ ဗန်းမော်မြို့ရှိ နယ်မြေခံတပ်သို့ မေ ၅ ရက်နေ့လယ် ၂ နာရီ ၁၅ မိနစ်ခန့်တွင် KIA အဖွဲ့က ရွှေကျီးနားရပ်ကွက်၏အနောက်တောင်ဘက် ၃ မိုင် ခန့်အကွာရှိ တောင်ကုန်းပေါ်မှှ ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အဆိုပါ ရှော့တိုက်ဒုံးမှာ ရွှေကျီးနားရပ်ကွက်အနီးသို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် အဆိုပါရပ်ကွက်ရှိ  နေအိမ်တစ်လုံး၌သွပ်အမိုးနှင့်ထရံများ ပျက်စီးခဲ့ကြောင်း သိရှိရ သည်။

အဆိုပါ ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် နယ်မြေများအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးလုပ်ငန်းများ တိုးမြင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။