ဂန့်ကော်ကျွန်းကျေးရွာရှိ မုန်တိုင်းသင့်ပြည်သူများအား အိမ်မိုးသွပ်၊ ခေါင်အုပ်သွပ်နှင့် သွပ်မိုးသံများထောက်ပံ့လှူဒါန်း၊ ကျေးရွာဘုန်းတော်ကြီးကျောင်းသို့ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း၊ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးနေမှုအားကြည့်ရှုအားပေး၍ ထမင်း/ဟင်းလျာဘူးများပေးဝေလှူဒါန်း
နေပြည်တော်၊ ဇူလိုင် - ၁
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ဂန့်ကော်ကျွန်းကျေးရွာရှိ မိုခါ(MOCHA) မုန်တိုင်းသင့်ဒေသခံပြည်သူများ၏ နေအိမ်များအတွက် ရန်ကုန်မြို့ရှိ သုဇာတာအလှူရှင် အဖွဲ့က ပေးပို့လှူဒါန်းသည့် အိမ်မိုးသွပ်၊ ခေါင်အုပ်သွပ်၊ သွပ်မိုးသံများ ပေးအပ်လှူဒါန်း ခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတိုက် ဓမ္မာရုံ၌ ပြုလုပ်ရာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် တာဝန်ရှိ သူများ၊ ကျေးရွာသူ၊ ကျေးရွာသားများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားပြီး ရန်ကုန်မြို့မှ သုဇာတာအလှူရှင် အဖွဲ့က ပေးပို့လှူဒါန်းသည့် ဂန့်ကော်ကျွန်းကျေးရွာရှိ လူနေအိမ် ၂၃၀ လုံးအတွက် အိမ်အမိုးသွပ် ၆၀၀၀ ချပ်၊ အိမ်ခေါင်သွပ် ၈၀၀ ချပ်နှင့် သွပ်မိုးသံ ၂၀ ဖာတို့ကို ကျေးရွာမှ တာဝန်ရှိသူများထံ ပေးအပ်လှူဒါန်းသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ဂန့်ကော်ကျွန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဓမ္မပီယ ထံ သွားရောက် ဖူးမြှော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းသည်။ ယင်းနောက် မုန်တိုင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့ သည့် ဘုန်းတော်ကြီးကျောင်းနှင့် ကျေးရွာရှိ လိုတရလျောင်းတော်မူ ဘုရားဝန်းအတွင်း ရှိ အာရုဏ်ခံတန်ဆောင်းတို့အား ပြန်လည်ပြုပြင်ပြီးစီးမှုအခြေအနေများကို ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
အဆိုပါ အာရုဏ်ခံတန်ဆောင်းအတွင်း၌ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ အထူးဆေးကုသရေးအဖွဲ့မှ သမားတော်များ၊ အထူးကုများ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သော အထူးဆေးကုသ ရေးအဖွဲ့သည် ဂန့်ကော်ကျွန်းကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ မုန်တိုင်းသင့် ဒေသခံပြည်သူများအား သွေးတိုးရောဂါ၊ ဝမ်းပျက်/ဝမ်းလျောရောဂါ၊ အရိုး/အကြော ရောဂါများ၊ အထွေထွေရောဂါများနှင့်ပတ်သတ်၍ လိုအပ်သည့်ဆေးဝါး ကုသမှုများ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး လူနာတစ်ဦးချင်းစီ၏ ကျန်းမာရေးအခြေအနေများကို ရင်းရင်းနှီးနှီးမေးမြန်း အားပေးစကား ပြောကြားကာ SKY NET မိသားစု၊ မြန်မာနိုင်ငံလိုင်စင်ရကန်ရိုက်တာ များ အသင်းချုပ် MLCA၊ MLCP အများပိုင်ကုမ္ပဏီလီမီတက်၊ မြန်မာ-အိန္ဒိယ- တရုတ် ချစ်ကြည်ရေးနှင့်် စီးပွားဖွံ့ဖြိုးတိုးတက်ရေးအသင်း (MICA)နှင့် ဘာသာစုံမိတ်ဆွေများမှ စတုဒိသာ အလှူတော်အစီအစဉ်ဖြင့် ချက်ပြုတ် လှူဒါန်းသော ထမင်း/ဟင်းလျာဘူးများ ပေးဝေလှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။