နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေး (၆/၂၀၂၁)သို့ တက်ရောက် အမှာစကားပြောကြား

Thursday, May 6, 2021 - 17:45

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေး (/၂၀၂၁)သို့ တက်ရောက် အမှာစကားပြောကြား

နေပြည်တော်  မေ  ၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး (၆/၂၀၂၁) ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြား သည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဦးဝဏ္ဏမောင်လွင်၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးဝင်းရှိန်၊ ဦးအောင်နိုင်ဦး၊ ဦးကိုကိုလှိုင်၊ ဦးချစ်နိုင်၊ ဦးတင်ထွဋ်ဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဦးခင်မောင်ရီ၊ ဦးအောင်သန်းဦး၊ ဦးမြင့်ကြိုင်၊ ဒေါက်တာပွင့်ဆန်း၊ ဒေါက်တာ ညွန့်ဖေ၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဦးရွှေလေး၊ ဒေါက်တာ သက်သက်ခိုင်၊ ဦးမောင်မောင်အုန်း၊ ဦးစောထွန်းအောင်မြင့်နှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာဒေါ်သီတာဦးတို့ တက်ရောက် ကြသည်။

ဦးစွာ အစည်းအဝေးအဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကျောင်းများ ပြန်လည်ဖွင့်လှစ် သင်ကြား မှုနှင့်ပတ်သက်၍ တစ်နှစ်ကျော်ပိတ်ထားခဲ့သည့် တက္ကသိုလ်များကို ယခုလ ၅ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း၊ အိမ်နီးချင်းနိုင်ငံများတွင် COVID-19 ရောဂါကူးစက်မှုနှုန်း မြင့်မား လျက်ရှိသော်လည်း မိမိတို့နိုင်ငံတွင် ကူးစက်မှု ရာခိုင်နှုန်းနည်းပါးလျက်ရှိသဖြင့် COVID-19 စည်းကမ်းများနှင့်အညီ ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ကျောင်းများပိတ်ထားရ သည့်အတွက် ကျောင်းသား၊ မိဘနှင့် နိုင်ငံတော်အတွက် ဆုံးရှုံးမှုများရှိသဖြင့် ကျောင်းများ အမြန်ဆုံးပြန်လည် ဖွင့်လှစ်နိုင်ရေးဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် ရေးအတွက် ပညာတတ်များလိုအပ်ကြောင်း၊ ထို့ကြောင့်ပညာရေးနှင့်ပတ်သက်၍ အားပေး ဆောင်ရွက်လျက်ရှိပြီး ကျောင်းသားများ ပညာတတ်ဖြစ်စေရန်အတွက် ကျွမ်းကျင်သည့် ဆရာ၊ ဆရာမများက လေ့ကျင့်သင်ကြားပေးရန်လိုကြောင်း၊ ယခုအခါကျောင်းမတက် ရန်အတွက် အချို့သူများကခြိမ်းခြောက်ဆောင်ရွက်ပြီး အဖျက်လုပ်ငန်းများဆောင်ရွက် နေမှုသည် နိုင်ငံအားဖျက်ဆီး နေခြင်းပင်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ပညာတတ်များ ပေါများလာမည်ကို နိုင်ငံရေးလုပ်စားသူများကမလိုလားဘဲ ပြည်သူများဒုက္ခရောက်အောင် လုပ်ဆောင်နေခြင်းပင်ဖြစ်ပြီး မိုက်မဲသည့်လုပ်ဆောင်ချက်ပင်ဖြစ်ကြောင်း၊ ယခုသင်ကြားနေ သည့် ပညာရပ်များသည် ယခင်အစိုးရများမှ ချမှတ်ထားခဲ့သည့် အမျိုးသားပညာရေး မူဝါဒများအတိုင်းသာ သင်ကြားပေးနေခြင်းဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေး အားလုံးက ဝိုင်းဝန်းကူညီ ဆောင်ရွက်ကြရန် လိုကြောင်း၊ ပညာရေးစနစ်ကောင်းမွန်ရန်အတွက် ကျောင်းသား၊ ဆရာ၊ မိဘနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အဖွဲ့အစည်းများ ကောင်းမွန်ရန်လိုအပ်ကြောင်း၊ မိမိတို့ အနေဖြင့် ပညာသင်ကြားရေးပိုင်းဆိုင်ရာကိစ္စရပ်များ အဆင်ပြေချောမွေ့စေရေး ကြိုးပမ်း ဆေင်ရွက် လျက်ရှိကြောင်း။

          ယနေ့ခေတ်သည် သတင်းနှင့်နည်းပညာခေတ်(Information Technology Age) ဖြစ်သော ကြောင့် ခေတ်နှင့်လျော်ညီသည့် နည်းပညာများတတ်ကျွမ်းထားရန် လိုအပ်သကဲ့သို့ လူမှု နယ်ပယ်တွင် အသုံးဝင်သည့် ဥပဒေပညာရပ်များနှင့် စီးပွားရေးဆိုင်ရာပညာရပ်များကိုလည်း နားလည်သိရှိထားရန်လိုအပ်ကြောင်း၊ ထို့အတူ ဝိဇ္ဇာဘာသာရပ်သည်လည်း စီမံခန့်ခွဲရေး ပညာရပ်အတွက် များစွာအထောက်အကူဖြစ်ကြောင်း၊ တက္ကသိုလ်များမှ ဘာသာရပ်အလိုက် သက်ဆိုင်ရာပညာရှင်များ မွေးထုတ်ပေးသော်လည်း ကျောင်းသားတိုင်း ပညာရှင်မဖြစ်နိုင် ကြောင်း၊ တက္ကသိုလ်မှသင်ကြားပေးလိုက်သည့် ဘာသာရပ်များအနက် ဥပဒေပညာရပ်နှင့် စီးပွားရေးပညာရပ်များသည် လက်တွေ့နယ်ပယ်တွင်များစွာအသုံးဝင်ကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ကျောင်းသားကျောင်းသူများ ဥပဒေနှင့် စီးပွားရေး ပညာရပ်များအား သိရှိနားလည်းရေး စီစဉ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း။

          မိမိတို့နိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်းခန့်သည်‌ ကျေးလက်နေပြည်သူများဖြစ်ပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေကြသူများဖြစ်သဖြင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများမြှင့်တင်ရေးအတွက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးပညာရပ် များ တတ်ကျွမ်းစေရန်ဆောင်ရွက်ပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင် ခြင်းဖြင့် ပညာရေးစနစ်သည် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူဖြစ်စေနိုင် မည်ဖြစ်ကြောင်း၊ မိမိတို့တတ်ကျွမ်း သည့် ဘာသာရပ်အလိုက် ကျွမ်းကျင်သည့် ပညာရပ်ကို တိုက်ရိုက်အသုံးချနိုင်သည့် ပညာရေး စနစ်ဖြစ်အောင် ရွေးချယ်သင်ကြားပေးရန်လိုကြောင်း၊ အရည်အချင်းရှိသည့် လူငယ်လူရွယ် များအား ပညာရပ်အလိုက်လူမှန်နေရာမှန် ရောက်အောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။

          မြေယာစီမံခန့်ခွဲမှုနှင့်ပတ်သက်၍ နိုင်ငံတော်ပိုင်စီမံကိန်းများ၊ နိုင်ငံတော်နှင့် အကျိုးတူ ဆောင်ရွက်နေသည့် စီမံကိန်းများနှင့် ပုဂ္ဂလိကပိုင်စီမံကိန်းများရှိကြောင်း၊ အချို့မြေနေရာ များသည် လုပ်ငန်းဆောင်ရွက်ရန်အတွက် လျှောက်ထားရယူထားသော်လည်း လက်တွေ့ အသုံးမပြုသည့် စီမံကိန်းများရှိသဖြင့် နိုင်ငံတော်နစ်နာမှုမရှိစေရန် ပြန်လည်စိစစ် ဆောင်ရွက်ရန်နှင့် စာချုပ်ပါသဘောတူညီချက်များအတိုင်း ဆောင်ရွက်ရန်အတွက် သက်ဆိုင် ရာ ဌာနများမှ ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း၊ လယ်ယာမြေများအား အခြားနည်းဖြင့် အသုံးပြုခြင်းကို အတတ်နိုင်ဆုံးမပြုလုပ်ရန်လိုကြောင်း၊ မြေယာမူဝါဒနှင့်ပတ်သက်ပြီး အလေးအနက်ထား စဉ်းစားဆောင်ရွက်ရန်လိုကြောင်း၊ သစ်တောပြုန်းတီးမှုများ ပိုမိုများပြား လာသဖြင့် ရာသီဥတုပြောင်းလဲမှုများဖြစ်ပေါ်လာသဖြင့် သစ်တောပြုန်းတီးမှုများကို ထိန်းသိမ်းရန်လိုကြောင်း၊ သစ်ပင်များစိုက်ပျိုးရာတွင်လည်း ပျိုးပင်များအား ဒေသနှင့် ကိုက်ညီသည့် အပင်၊ ပျိုးသက် ကောင်းမွန်သည့် အပင်များကိုရွေးချယ်စိုက်ပျိုး၍ ရှင်သန် ဖြစ်ထွန်းအောင် စိုက်ပျိုးရန်လို ကြောင်း၊ သစ်တောများစိမ်းလမ်းစိုပြေရေး ဒေသအားလုံးတွင် သစ်ပင်များ ဖြစ်ထွန်းအောင် စိုက်ပျိုးရန်လိုကြောင်း၊ သဘာဝဘေးဒဏ်ကျရောက်နိုင်သည့် ပင်လယ်ကမ်းခြေဒေသများရှိ ဒီရေတောများ ပြုန်းတီးမှုမရှိစေရန်အတွက် ထိန်းသိမ်း ဆောင်ရွက်ခြင်း၊ ဒီရေတောများအား ပြန်လည်စိုက်ပျိုးခြင်းများ ပြုလုပ်ရမည်ဖြစ်ကြောင်း၊ သစ်တောများစိုက်ပျိုးရာတွင် ရှင်သန်ဖြစ်ထွန်းအောင် ဆောင်ရွက်ရန်လိုအပ်သကဲ့သို့ သစ်ပင်ခုတ်ခြင်းများကိုလည်း ကြပ်မတ် ထိန်းသိမ်းရန်လိုကြောင်း၊ မြို့နယ်၊ ကျေးရွာများ အလိုက် ထင်းသုံးစွဲမှုအတွက် လိုအပ်သည့် ထင်းစိုက်ခင်းများကို စိုက်ပျိုးရန်လိုကြောင်း၊ လျှပ်စစ်မီးမရရှိသေးသည့် ဒေသများလျှပ်စစ်မီးရရှိရေးအတွက် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် ဖြစ်သည့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ် ထုတ်လုပ်မှုလုပ်ငန်းများကို အကောင်အထည် ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လျှပ်စစ်မီးရရှိမှသာ လူနေမှုစနစ်မြင့်မားလာမည်ဖြစ်ပြီး ကျေးလက်မြို့ပြ ဆင်းရဲချမ်းသာကွာဟမှုကို အတိုင်းအတာတစ်ခုအထိလျှော့ချ ဆောင်ရွက် နိုင်မည်ဖြစ်ပြီး ပြည်သူများလျှစ်စစ်ဓာတ်အား သုံးစွဲရာတွင် ငွေကြေးကုန်ကျမှုသက်သာ စေရေး စဉ်းစားဆောင်ရွက်ကြရန်လိုကြောင်း။

          ဘဏ္ဍာငွေသုံးစွဲမှုများနှင့်ပတ်သက်၍ ဒေသဆိုင်ရာဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ဌာနဆိုင် ရာလုပ်ငန်းများတွင် အကောင်အထည်ဖော် ဆောင်ရွက်ရမည့်လုပ်ငန်းများ၌ အသုံးပြုရမည့် ငွေကြေးများကို ထိရောက်စွာအသုံးပြုရန်လိုပြီး သုံးစွဲမှုများအား ပြန်လည်တင်ပြရန် လိုကြောင်း၊ မိမိတို့နိုင်ငံတွင် ပိတ်ထားရသည့်နိုင်ငံပိုင်စက်ရုံများရှိသဖြင့် နိုင်ငံအတွက်နစ်နာ ဆုံးရှုံးမှုများ ဖြစ်ပေါ်လျက်ရှိပြီး စက်ရုံများပြန်လည်လည်ပတ်နိုင်ရေး ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊  နိုင်ငံတွင်း အသုံးပြုရန် လိုအပ်သည့် စားကုန်၊ သောက်ကုန်၊ သုံးကုန်များကို ပြည်တွင်း၌ အရည်အသွေးမီ ထုတ်လုပ်ပြီး ပြည်တွင်းထုတ်ကုန်များကို ဂုဏ်ယူစွာဖြင့် အားပေး သုံးစွဲရန်လိုကြောင်း၊ ပြည်တွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အကာအကွယ် ပေးပြီး ပြည်တွင်းထုတ်လုပ်သူများ ဆုံးရှုံးမှုမရှိစေရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို အောင်မြင်အောင် အားပေးရန်လိုပြီး ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် ချင့်ချိန်၍ ချိန်ဆ ဆောင်ရွက်ကြရန်လိုကြောင်း။

          ပို့ကုန်နှင့်ပတ်သက်၍ မိမိတို့နိုင်ငံသည် အဓိကအားဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း ဖြစ်သဖြင့် ပြည်ပသို့ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ ထုတ်လုပ်တင်ပို့နိုင်ရေး နည်းလမ်း ရှာဖွေဆောင်ရွက်ရန်လိုကြောင်း၊ ထို့အပြင် ဒေသထွက်ပစ္စည်းများထုတ်လုပ်၍ ပြည်ပသို့ တင်ပို့နိုင်ရေး ထိထိရောက်ရောက်ဆောင်ရွက်ကြစေလိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မျိုးကောင်းရန်၊ မြေကောင်းရန်၊ စိုက်နည်းစနစ်များ ကောင်းမွန်ရန် နှင့်စိုက်ပျိုးရေပြည့်ဝ စွာရရှိရန်လိုကြောင်း၊ စိုက်ပျိုးမြေများအတွက်လိုအပ်သည့် စံချိန်စံညွှန်း ကိုက်ညီသည့် မြေဩဇာများ၊ တမာပိုးသတ်ဆေးကဲ့သို့သော ဓာတုပစ္စည်းပါဝင်မှုနည်းပါး သည့် ပိုးသတ်ဆေး များ၊ လယ်ယာသုံးစက်ကိရိယာများနှင့် အသုံးအဆောင်ပစ္စည်းများကို ပြည်တွင်း၌ လုံလောက်စွာထုတ်လုပ်နိုင်ရေး ဆောင်ရွက်ကြရန်လိုကြောင်း၊ အလားတူ မွေးမြူရေးလုပ်ငန်း အတွက်လိုအပ်သည့် မျိုးကောင်းမျိုးသန့်များနှင့် တိရိစ္ဆာန်အစာများကို ထုတ်လုပ်နိုင်ရေး သုတေသန ပြုဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာကော်မတီများမှ အကောင်အထည် ဖော်ဆောင်ရွက်ရန်လိုကြောင်း၊ သို့မှသာ ပြည်တွင်းစီးပွားရေး ကောင်းမွန် တိုးတက်လာမည် ဖြစ်သဖြင့် အလေးထားဆောင်ရွက်ကြရန်လိုကြောင်း။

          အားကစားကဏ္ဍနှင့်ပတ်သက်၍ မိမိတို့နိုင်ငံ၏ အားကစားကဏ္ဍသည်ကျဆင်းလျက်ရှိ သဖြင့် တိုးတက်စေရေးအားပေးဆောင်ရွက်ရန်လိုကြောင်း၊ အားကစားသမားများ စွမ်းရည် တိုးတက်စေရေးအတွက်အားပေးရန် လိုအပ်သကဲ့သို့ အားကစားကွင်းများ၊ အားကစားရုံများ နှင့်နည်းစနစ်များကောင်းမွန်စေရေး ဆောင်ရွက်ရန်လိုကြောင်း၊ ထို့အပြင်အားကစားသမား များ ကြံ့ခိုင်မှုရှိစေရေးကြံ့ခိုင်ရေးနည်းပြများ၊ နည်းစနစ်ပိုင်းအတွက်နည်းစနစ်ဆိုင်ရာ နည်းပြ များဖြင့်စနစ်တကျလေ့ကျင့် ဆောင်ရွက် ပေးရန်လိုကြောင်း၊ အားကစားဆိုင်ရာလေ့ကျင့်ခန်း များအား အောက်ခြေမှစ၍ စနစ်တကျဖြင့် လေ့ကျင့်သင်ကြားပေးရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အဆင့်မီအားကစားကွင်းများနှင့် မိုးလုံလေလုံအားကစားရုံများ၊ ရေကူးကန်များအား ဖြည့်ဆည်းတည်ဆောက်ပေးခြင်း၊ အားကစားကဏ္ဍတိုးတက်စေရေး အားပေးခြင်းများဆောင်ရွက်၍ မြန်မာ့အားကစားကဏ္ဍ တစ်ခေတ်ဆန်းစေရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနများအနေဖြင့် လည်း ဌာနအလိုက်အားကစားပွဲများ ကျင်းပ ဆောင်ရွက်သွားကြစေလိုကြောင်း၊ လာမည့် SEA Game ပြိုင်ပွဲများတွင် မိမိတို့နိုင်ငံ၏ အားကစားအဆင့်အတန်း ပိုမိုမြင့်မားစေရေး အားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အလားတူ ပြည်သူများ စိတ်လက်ချမ်းသာစွာ လေ့ကျင့်ခန်းများပြုလုပ်နိုင်ရေး လမ်းလျှောက် ဧရိယာများအား မြို့များတွင် ဖော်ဆောင်ပေး ရန်လိုကြောင်း။

          လုံခြုံရေးနှင့်ပတ်သက်၍ ဖေဖေါ်ဝါရီ ၃ ရက်နေ့နောက်ပိုင်း ဆူပူမှုများဖြစ်ပေါ်ခဲ့ပြီး ယခုအခါတွင် အခြေအနေများ ပြန်လည်တည်ငြိမ်လာပြီဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများအပေါ် ခြိမ်းခြောက်ခြင်းနှင့် ဌာနဆိုင်ရာများမှတာဝန်ရှိသူအချို့ CDM လှုပ်ရှားမှုတွင် ပေါ်ပေါ်တင်တင်မပါဝင်သော်လည်း  လက်အောက်ဝန်ထမ်းများအပေါ် ခြိမ်းခြောက်ခြင်းများ ပြုလုပ် နေသည်ကိုကြားသိရသဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် အဆိုပါတာဝန်ရှိသူများအား ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်သည်အထိ ထိရောက်စွာဖော်ထုတ် အရေးယူ ဆောင်ရွက်သွားရန်လိုကြောင်း၊ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာရုံးများ၊ အခြား အဆောက်အဦများကို မီးရှို့ဖျက်ဆီးခြင်းနှင် ဖောက်ခွဲဖျက်ဆီးခြင်း ပြုလုပ်နေသူများ ကိုလည်း ဥပဒေနှင့်အညီ ထိရောက်ဟန့်တားနိုင်သော အရေးယူမှုများဆောင်ရွက် ရန်လို ကြောင်း၊ မိမိတို့နိုင်ငံရှိ ဆူပူအကြမ်းဖက်လုပ်ငန်းများဆောင်ရွက်နေသူများသည် နိုင်ငံကို ဖျက်ဆီး နေကြခြင်းပင်ဖြစ်ပြီး ထိုသို့ဆောင်ရွက်နေကြသူများမှာ အသိပညာနည်းပါး ကြသူများ ဖြစ်သဖြင့် စုပေါင်းအားဖြင့် ဝိုင်းဝန်းကာကွယ်ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြောကြား သည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီး များက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက နိုင်ငံတကာတွင် ရုပ်ရှင် လောကရှိအနုပညာရှင်များအနေဖြင့် နိုင်ငံရေးတွင် ပါဝင်မှုမရှိကြောင်း၊ နိုင်ငံတကာ တွင်လည်း ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း၊ အနုပညာသည်များနှင့်ပတ်သက်၍ ထိန်းသိမ်းဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ အချို့မီဒီယာများသည် တစ်ဖက်သတ်မဟုတ် မမှန်သည်များကို ပြောဆိုရေးသား ထုတ်လွှင့်မှုများရှိနေကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့် ထုတ်ပြန်ရန်လိုအပ်သည့် ဥပဒေများရှိပါကလည်း ရှေ့နေချုပ်ရုံးနှင့်တိုင်ပင်၍ ထုတ်ပြန်ရန်လိုကြောင်း၊ အနုပညာသည် တိုင်းပြည်အတွက်သာ ဖြစ်စေရမည်ဖြစ်ပြီး နိုင်ငံရေးအတွက်၊ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်အတွက် မဖြစ်စေလိုကြောင်း၊ သတင်း မီဒီယာကောင်စီသည် နိုင်ငံရေးဝါဒမှိုင်းမမိရန်လိုအပ်ပြီး မှန်ကန်သော လမ်းကြောင်း ပေါ်တွင်သာ ရပ်တည်သွားရန်လိုအပ်ကြောင်း၊ ထို့ပြင် အဓိကအရေးကြီးသည်မှာ အမျိုးသား ယဉ်ကျေးမှု စရိုက်လက္ခဏာများကို မပျောက်ပျက်အောင် ထိန်းသိမ်း စောင့်ရှောက် ကြရန်လိုကြောင်း။

စီးပွားရေးနှင့်ပတ်သက်ပြီး နယ်စပ်ကုန်သွယ်ရေးတွင် စိုက်ပျိုးရေးထွက်ကုန်များနှင့် ပတ်သက်၍ အရှုံးပေါ်မှုများ ရှိနေသည်ဟု သိရကြောင်း၊ ယင်းကိုဖြေရှင်း ဆောင်ရွက်ပေးရန် လိုအပ်ပြီး စိုက်ပျိုးရေးထွက်ကုန်များ ဈေးနှုန်းမှန်ရရှိအောင် ဆောင်ရွက်ပေးရန်လိုကြောင်း၊ နယ်စပ်ကုန်သွယ်ရေးနှင့်ပတ်သက်ပြီး စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် G to G စနစ် ခိုင်ခိုင်မာမာဖြစ်စေရေးအတွက် လုပ်ဆောင်ပေးရန်လိုကြောင်း၊ သီးနှံထွက်ကုန်များအတွက် လိုအပ်သည့် အခြောက်ခံစက်ရုံများ တည်ဆောက်ပြီး ကုန်ချော ထုတ်လုပ် ပြန်လည်ရောင်းချရန်လိုကြောင်း၊ ယင်းစက်မှုလုပ်ငန်းများကို အားပေးရမည်ဖြစ် ပြီး ယင်းစက်ရုံများ အဆက်မပြတ်လည်ပတ်နိုင်ရန်အတွက် ကုန်ကြမ်းများရရှိရန်လို ကြောင်း၊ ယင်းထုတ်ကုန်လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်ပေးနိုင်မှသာ တောင်သူ များ၏ စိုက်ပျိုးရေးထွက်ကုန်များ အာမခံချက်ရှိပြီး ဈေးကောင်းရရှိမည်ဖြစ်ကြောင်း၊ သို့မှသာ တိုင်းပြည်ဝင်ငွေမကျဆင်းဘဲ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမည်ဖြစ် ကြောင်း။ 

          ပညာရေးအပိုင်းတွင် ဆရာ၊ ဆရာမများအနေဖြင့် ကျောင်းသားကျောင်းသူများကို ပညာသင်ကြားပေးရမည့် တာဝန်ရှိသည့် နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အားလျော်စွာ နိုင်ငံ့ တာဝန်များကို ကျေပွန်စွာထမ်းဆောင်ကြရန်လိုကြောင်း၊ အခြားဌာနဆိုင်ရာ ဝန်ထမ်းများ အနေဖြင့်လည်း အလားတူ တာဝန်ကျေပွန်စွာ ထမ်းဆောင်ကြရန်လိုအပ်ပြီး နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရားထိခိုက်အောင် လုပ်ဆောင်လာပါက ထိရောက်စွာ အရေးယူဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ထမ်းများကို အဆင့်နှင့်လျော်ညီသည့် အထောက် အပံ့များပေးရန် စီစဉ်ဆောင်ရွက်နေ သကဲ့သို့ ပညာရေးဝန်ထမ်းများကိုလည်း အလားတူ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများရရှိထားသည့်  ဘွဲ့အဆင့်အတန်း အပေါ် မူတည်ပြီး အဆင့်အလိုက် စဉ်းစားဆောင်ရွက်သွားမည် ဖြစ်ကြောင်း။

ဝန်ထမ်းများအနေဖြင့်လည်း ရရှိထားသည့် ဘွဲ့အလိုက် အရည်အချင်း ပြည့်ဝနေရန် လိုကြောင်း၊ နိုင်ငံ့ဝန်ထမ်းများလေ့ကျင့်ရေးအပိုင်းနှင့်ပတ်သက်၍ ယခင်က နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် ဖောင်ကြီး၊ ဇီးပင်ကြီး စသည့် ဗဟိုဝန်ထမ်းတက္ကသိုလ်များတွင် အဆင့်အလိုက် သင်တန်းများ တက်ရောက်ခဲ့ကြရကြောင်း၊ ယခုအချိန်တွင် သင်တန်းမတက်ရောက် ရသေးသူများ အဆင့်အလိုက် ပြန်လည်တက်ရောက်ရန်လိုကြောင်း၊ ဗဟိုဝန်ထမ်းတက္ကသိုလ် များသည် နိုင်ငံ့ဝန်ထမ်းများအားလုံး တပြေးညီစည်းကမ်းရှိစေရေးနှင့် ဝန်ထမ်းကောင်းများ ဖြစ်စေရေးအတွက် လေ့ကျင့်ပေးနေသော သင်တန်းကျောင်းများဖြစ်ကြောင်း၊ သင်တန်း ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ အနေဖြင့် ဆက်လက်ဆွေးနွေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်းဖြင့် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။