ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်မုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက   သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ နေပြည်တော်၊ ဇွန် - ၂၈

Wednesday, June 28, 2023 - 16:30

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများကို သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများ အဖြစ်ကြေညာချက်များ ထုတ်ပြန်၍ ယင်းကြေညာချက်များပါ ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော် အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။

ထိုသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခန့်အပ် တာဝန်ပေးအပ်ထားရှိရာ ယနေ့တွင် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့သို့ ရောက်ရှိ နေသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး လူအေးသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ကုလားဘာတောင်ရပ်ကွက်ရှိ သိမ်တောင် ဘုန်းတော်ကြီး ကျောင်းသို့ သွားရောက်ပြီး ကျောင်းထိုင်ဆရာတော်အား ဖူးမြော် ကြည်ညို၍ နဝ ကမ္မအလှူငွေနှင့် လှူဖွယ်ဝတ္ထုများလှူဒါန်းကာ အဆိုပါ ကျောင်းတိုက် အတွင်း နယ်လှည့် ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူများကို အခမဲ့ကျန်းမာရေး စောင့်ရှောက်ပေး နေမှုအားကြည့်ရှု၍ ဆေးကုသမှုခံယူနေသူများကို ဆီ၊ ရေသန့်နှင့် စားသောက်ကုန် ပစ္စည်းများ ထောက်ပံ့ပေးအပ်ကာ အားပေးစကားများ ပြောကြားသည်။ ထို့ပြင် တောင်ရင်းရပ်ကွက်၊ ဘိုးဘွားရိပ်သာအနီး သုသာန်အဝင်လမ်းဘေး ဝဲ။ယာရှိ စွန့်ပစ် အမှိုက်ပုံကြီးအား တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့်အတူ ပူးပေါင်း၍ စက်ယန္တရား များဖြင့် ရှင်းလင်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကာ စွန့်ပစ် အမှိုက်များအား သတ်မှတ်နေရာများ၌သာ စနစ်တကျစွန့်ပစ်စေရေး လိုအပ် သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

အလားတူ ဘူးသီးတောင်မြို့သို့ ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကကျက်ဘက်ကျေးရွာအုပ်စု၊ ကကျက်ဘက်ကျေးရွာ အခြေခံပညာအလယ်တန်း ကျောင်း၌ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ(အခမဲ့) ဆေးကုသပေးနေမှုအား သွားရောက် ကြည့်ရှုအားပေးစကားများပြောကြားပြီး ဆန်နှင့် စားသောက်ကုန် ပစ္စည်းများ ထောက်ပံ့ပေးအပ်ကာ အဆိုပါစာသင်ကျောင်းတွင် မုန်တိုင်းကြောင့် အမိုးလန် ပျက်စီး/ဆုံးရှုံးသွားသည့် စာသင်ကျောင်းအမိုး ပြင်ဆင်ပြီးစီးမှုအား သွားရောက် ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ထို့ပြင် ဘူးသီးတောင်မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ဂိုဒေါင်တွင် မိုခါ မုန်တိုင်းကြောင့် လေဘေးသင့်ပြည်သူများကို ထောက်ပံ့ပေးအပ်သည့် ထောက်ပံ့ ပစ္စည်းများရောက်ရှိမှု၊ ဖြန့်ဝေထားရှိမှု၊ လက်ကျန်စာရင်းများကိုက်ညီမှု ရှိ/မရှိ အခြေအနေများအား စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့သည်။

ထို့အတူ မြောက်ဦးမြို့သို့ ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မှ ဗိုလ်ချုပ် သောင်းထိုက်ရွှေ သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ မြို့တော် ဝန်ခန်းမ၌ ဒေသခံပြည်သူများအား မျိုးစပါးများ ထောက်ပံ့ပေးနေမှုကို သွားရောက် ကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

အလားတူ ပုဏ္ဏားကျွန်းမြို့သို့ ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဗိုလ်မှူးချုပ် ဝင်းမောင် သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ ပဏကမြို့နယ်အတွက် မျိုးစပါးများတင်ဆောင်လာသော ကားများရောက်ရှိလာ သဖြင့် အဆိုပါ မျိုးစပါးများအား မြို့နယ်စိုက်ပျိုးရေးရုံးရှိ ဂိုဒေါင်ထဲသို့ စနစ်တကျ ထည့်သွင်းနေမှုကို သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ထို့အတူ မြေပုံမြို့သို့ ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်မှူးချုပ် ကျော်ကျော်စိုး သည် ဌာနဆိုင်ရာ တာဝန်ရှိသူများ နှင့် အတူ နေပြည်တော်ပြည်သူ့ဆေးရုံ(ကုတင်-၁၀၀၀)မှ အထူးကုဆရာဝန်များပါဝင်သည့် နယ်လှည့်ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူများအား မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ဆေးကုသပေးနေမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့ ကြောင်း သတင်းရရှိသည်။