ကယားပြည်နယ်အတွင်း နယ်စပ်ဒေသလုံခြုံရေးနှင့် ဒေသခံပြည်သူများ၏ လုံခြုံ ရေး ဆောင်ရွက်လျက်ရှိသည့် တောင်လှစခန်း၊ မယ်တနွယ်စခန်း၊ ဘီပီ-၁၄ စခန်း၊ မယ်စဲ့ စခန်းနှင့် နမ်ပေါင် စခန်းတို့အား KNDF နှင့် KNPP အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တို့က အင်အားစုအလုံးအရင်းဖြင့် ဇွန် ၁၃ ရက်မှ ၁၉ ရက်အထိ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လုံခြုံ ရေး တပ်ဖွဲ့ဝင်များနှင့် ထိတွေ့တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ဇွန် ၁၆ ရက်တွင် ပန်တိန်းဒေသရှိ တပ်မတော်ကွပ်ကဲမှုအောက် အမှတ်(၁၀၀၄) နယ်ခြားစောင့်တပ်သည် ဆက်သွယ်မှုများ ပြတ်တောက်ခဲ့သည်။
ဇွန် ၁၇ ရက်နံနက်ပိုင်းတွင် အမှတ်(၁၀၀၄)နယ်ခြားစောင့်တပ်တွင် တာဝန်ထမ်း ဆောင်လျက်ရှိသည့် တပ်မတော်အရာရှိတစ်ဦးနှင့် ဆက်သွယ်မှုပြန်လည်ရရှိခဲ့ပြီး ၎င်း၏ သတင်းပို့ချက်အရ အမှတ်(၁၀၀၄)နယ်ခြားစောင့်တပ်မှ အသွင်ပြောင်းတပ်ဖွဲ့ဝင်အချို့ သည် တပ်ဆင်ပေးထားသည့် လက်နက်၊ ခဲယမ်းများနှင့်အတူ နိုင်ငံတော်နှင့် တပ်မတော် အပေါ် သစ္စာဖောက်ဖျက်တောခိုခဲ့ပြီး KNPP အကြမ်းဖက်လက်နက်ကိုင်အဖွဲ့နှင့် KNDF အကြမ်း ဖက်အဖွဲ့များနှင့် ပူးပေါင်းသွားကြောင်း၊ ၎င်းတပ်တွင် တာဝန်ထမ်းဆောင်လျက် ရှိသည့် တပ်မတော်သားများနှင့် မိသားစုဝင်များအား သက်ဆိုင်ရာ ရုံး၊ အဆောက်အဦ အသီးသီးတွင် အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားကြောင်း သိရှိရသည်။
ထို့ကြောင့် ယင်းနေ့ နံနက်ပိုင်းတွင် တပ်မတော်အနေဖြင့် လေကြောင်းချီတပ်ဖွဲ့များ အသုံးပြု၍ ကွန်မန်ဒိုနည်းဖြင့် ချီတက်ချဉ်းကပ်ကာ လေကြောင်းပစ်ကူ၊ အမြောက် ပစ်ကူ ရယူပြီး အဆင့်ဆင့် ချီတက်တိုက်ခိုက်ခဲ့ရာ မွန်းလွဲပိုင်းတွင် အမှတ်(၁၀၀၄)နယ်ခြားစောင့် တပ်ကို ပြန်လည်ထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့ပြီး တပ်မတော်သားအရာရှိ၊ စစ်သည်၊ မိသားစု များကို ကယ်တင်၍ ရဟတ်ယာဉ်များဖြင့် လုံခြုံစိတ်ချရသည့် နေရာသို့ ပြန်လည် ပို့ဆောင် ပေးခဲ့သည်။
ထို့အတူ စွတ်ပိုင်ဒေသရှိ အမှတ် (၁၀၀၅)နယ်ခြားစောင့်တပ်သည်လည်း ဇွန် ၁၇ ရက်တွင် ဆက်သွယ်မှုပြတ်တောက်ခဲ့ရာ တပ်မတော်အနေဖြင့် လေကြောင်းချီတပ်ဖွဲ့ စေလွှတ်ရန် ကြိုးပမ်းခဲ့သော်လည်း ရာသီဥတု အခြေအနေအရ အသုံးမပြုနိုင်သဖြင့် ကွန်မန်ဒိုတပ်ဖွဲ့များဖြင့် အဆင့်ဆင့်ချီတက်တိုက်ခိုက်ခဲ့ရာ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၇ ရက် ညနေပိုင်းတွင် အမှတ်(၁၀၀၅)နယ်ခြားစောင့်တပ်အား ပြန်လည်ထိန်းချုပ် သိမ်းပိုက် နိုင်ခဲ့သည်။ ၎င်းတပ်အား ပြန်လည်ထိန်းချုပ်ရရှိချိန်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် တပ်မတော်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ ပျောက်ဆုံးလျက်ရှိသဖြင့် အမြန်ဆုံး ကယ် ဆယ်နိုင်ရေး ရှာဖွေရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ အမှတ်(၁၀၀၄)နယ်ခြားစောင့်တပ်နှင့် အမှတ် (၁၀၀၅)နယ်ခြား စောင့်တပ် တို့အား တိုက်ခိုက်သိမ်းပိုက်ရာတွင် အပြန်အလှန်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ၎င်းတို့ ထံမှ လက်နက်မျိုးစုံ ၄၁ လက်၊ ခဲယမ်းမျိုးစုံ ၉၂၇ တောင့်၊ ဗုံးသီးမျိုးစုံ ၂၈ လုံးနှင့် အခြား ဆက်စပ်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့ကြောင်းနှင့် တပ်မတော်မှ အရာရှိ၊ စစ်သည်အချို့ ကျဆုံး၊ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
တပ်မတော်အနေဖြင့် KNDF နှင့် KNPP အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တို့ တိုက် ခိုက်သိမ်းပိုက်ထားသည့် မယ်စဲ့ဒေသမှ စခန်းအချို့အား အမြန်ဆုံး ပြန်လည်သိမ်းပိုက် နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။