နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် NCA လက်မှတ်ရေးထိုးထားသည့် PPST အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၅)ဖွဲ့ (ALP၊ DKBA ၊ KNU/KNLA-PC၊ LDU၊ PNLO)၏ ကိုယ်စားလှယ်အဖွဲ့တို့ ဒုတိယနေ့ တွေ့ဆုံဆွေးနွေး
နေပြည်တော် ဇွန် ၂၇
နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် NCA လက်မှတ်ရေးထိုးထားသည့် PPST အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၅)ဖွဲ့(ALP ၊ DKBA ၊ KNU/KNLA-PC ၊ LDU၊ PNLO)၏ ကိုယ်စားလှယ်အဖွဲ့တို့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲ ဒုတိယနေ့ကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပ ပြုလုပ် သည်။
တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်နှင့် ညှိနှိုင်းရေး ကော်မတီအဖွဲ့ဝင်များ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)မှ ဥက္ကဋ္ဌ စောမြရာဇာလင်း၊ ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော်(DKBA)မှ စစ်ရေးချုပ်အဆင့်ရှိ စောစိန်ဝင်း၊ KNU/KNLA ငြိမ်းချမ်းရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူး၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) ဒုတိယ ဥက္ကဋ္ဌ ကျာဖူး၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) ဦးဆောင်နာယက ဖြားတန် ခွန်ဥက္ကာတို့ ဦးဆောင်သည့် ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် NCA-S EAO အဖွဲ့များကြား ဆွေးနွေးသဘောတူထားသော ဘုံသဘောတူညီ ချက်များကိစ္စ၊ ဖက်ဒရယ်အခြေခံမူများကိစ္စ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး ကိစ္စ၊ UWSP ၊ NDAA ၊ SSPP အဖွဲ့များ ၊ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံ ဆွေးနွေးနိုင်ရေးအပေါ် NCA-S EAO များ၏ သဘောထားများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသူ များက မိမိတို့၏သဘောထားများကို အပြန်အလှန် ပွင့်ပွင့်လင်းလင်း ဆွေးနွေးညှိနှိုင်း ခဲ့ကြသည်။ ယင်းနောက် နှစ်ရက်တာ ဆွေးနွေးညှိနှိုင်းချက်များအရ သဘောတူညီချက်ရယူ နိုင်ရန် မူကြမ်းများကို ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး ဒုတိယနေ့ တွေ့ဆုံဆွေးနွေးပွဲကို ရပ်နားခဲ့ သည်။
တတိယနေ့ ဆွေးနွေးပွဲကို ဇွန် ၂၈ ရက်တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ပြီး နှစ်ဖက်တူညီသည့်သဘောထားများကို သဘောတူညီချက်များအဖြစ် လက်မှတ်ရေးထိုးသွား မည် ဖြစ်ကြောင်း သိရသည်။