လယ်ဝေးမြို့မရဲစခန်း နှင့် MICC-II ဂိတ်(၂) ဝင်ပေါက်တို့အား လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခဲ့သည့် တရားခံများအား ဖြစ်စဉ်ဖြစ်ပွားပြီး ၁၀ နာရီအတွင်း ဖမ်းဆီးရမိ နေပြည်တော်၊ ဇွန် ၁၆ ရက်

Friday, June 16, 2023 - 16:30

                     ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၂ ရက် ညနေပိုင်းတွင် လယ်ဝေးမြို့မရဲစခန်းအား (စိစစ်ဆဲ)ကျား ၂ ဦးမှ လက်ပစ်ဗုံးဖြင့် ချောင်းမြောင်းပစ်ခတ်ခဲ့ပြီး ယင်းနေ့ ညပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ ဘောဂသိဒ္ဓိရပ်ကွက်၊ ဉာဏအောင်မြေ လမ်း၊ MICC-II ဂိတ်(၂)ဝင်ပေါက်အား (စိစစ်ဆဲ)ကျား ၃ ဦးတို့မှ လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ဖောက်ခွဲခဲ့သည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့ပါသည်။

                 သို့ဖြစ်၍ အထက်ပါဖြစ်စဉ်များနှင့်ပတ်သက်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အကြမ်းဖက်သမားများအား ဖမ်းဆီးရမိရေး အချိန်နှင့်တစ်ပြေးညီ နေ့/ညမပြတ် အရှိန်အဟုန်မြှင့်ကြိုးပမ်းဆောင်ရွက်ခဲ့ရာ တရားမျှတမှုကိုလိုလားပြီး အကြမ်းဖက်မှုကို မလိုလားသည့် ပြည်သူများ၏ မျက်မြင်သတင်းပေးပို့ချက်များနှင့် မြေပြင်သတင်း စုံစမ်းရရှိချက်များအရ ဇွန်လ ၁၃ ရက် နံနက်ပိုင်းတွင် လယ်ဝေးမြို့မရဲစခန်းနှင့် MICC-II ဂိတ်(၂)ဝင်ပေါက်တို့အား လက်ပစ်ဗုံးဖြင့် ပစ်ခတ်သွားသည့် တရားခံ သက်နိုင် နှင့် အငှားယာဉ်မောင်း ရန်နိုင်ထွန်း တို့အား ပျဉ်းမနားမြို့နယ်၊ အာဟာရသုခဈေးအနီးရှိ “ရွက်သစ်” လက်ဖက်ရည်ဆိုင်၌ ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။

                     ထို့အပြင် ဖမ်းဆီးရမိတရားခံ သက်နိုင်၏ ထွက်ဆိုချက်အရ ယင်းနေ့ နေ့လယ် ပိုင်းတွင် တရားခံ ရဲနိုင် နှင့် အငှားယာဉ်မောင်း အိုင်ဖော့(ခ)ရန်နိုင်ဦး တို့အား  လိပ်သိုမြို့အဝင် စစ်ဆေးရေးဂိတ်၌ ထပ်မံဖမ်းဆီးရမိခဲ့သည်။

                 ဖြစ်စဉ်တွင် တရားခံ ၄ ဦးတို့အား ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုကြောင့် ရာဇဝတ်ဘေးပြေးမလွတ်ဆိုသည့်အတိုင်း ဖြစ်စဉ်ဖြစ်ပွားပြီး ၁၀ နာရီအတွင်း ဖော်ထုတ် ဖမ်းဆီးရမိခဲ့သည်။

                 ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ တရားခံ သက်နိုင် နှင့် ရဲနိုင်တို့ သည် နေပြည်တော်ကောင်စီနယ်မြေအတွင်း ကြုံရာကျပန်း လုပ်ကိုင်နေသူများဖြစ်ပြီး တရားခံပြေး ရှမ်းလေး၏ ချိတ်ဆက်ပေးမူဖြင့် စစ်တောင်းမြို့ပြပြောက်ကျားအမည်ခံ အကြမ်းဖက်အဖွဲ့ခေါင်းဆောင် တရားခံပြေး ဇင်ယော်(ခ)ငှက်ဖြူ(ခ)နေလင်း နှင့် ရင်းနှီး ခဲ့ကြောင်း၊ တရားခံပြေး ဇင်ယော်(ခ)ငှက်ဖြူ(ခ)နေလင်း မှ နေပြည်တော်ကောင်စီ နယ်မြေအတွင်း အကြမ်းဖက်လုပ်ငန်းများလုပ်ဆောင်ရန်အတွက် ကူညီပါဝင်ဆောင်ရွက် ပေးရန်နှင့် ငွေကြေးထောက်ပံ့ပေးမည်ဟု ပြောဆိုစည်းရုံးခဲ့သဖြင့် ၎င်းတို့ ၂ ဦးမှ ငွေကြေးရယူလိုမှုဖြင့် သဘောတူလက်ခံခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

                     ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၀ ရက်တွင် တရားခံပြေး  ဇင်ယော်(ခ)ငှက်ဖြူ(ခ)နေလင်း မှ MICC-II နှင့် လယ်ဝေးမြို့မရဲစခန်း တို့အား ပစ်ခတ်ဖောက်ခွဲရန် လက်ပစ်ဗုံး ၂ လုံးအား ပေးခဲ့သဖြင့် သက်နိုင်ရဲနိုင် နှင့် တရားခံပြေး အသေးလေး တို့မှ ကယားပြည်နယ်၊ ပဆေးလာကျေးရွာသို့ သွားရောက် ယူဆောင်ခဲ့ကြောင်း၊ ၎င်းနောက် ဇွန်လ ၁၁ ရက်တွင် လယ်ဝေးမြို့မရဲစခန်းနှင့် MICC-II ဂိတ်(၂)ဝင်ပေါက်တို့အား လက်ပစ်ဗုံးဖြင့် ပစ်ခတ်ရန် သက်နိုင်ရဲနိုင်နှင့် တရားခံပြေး အသေးလေး တို့မှ ၂ ကြိမ် သွားရောက်၍ အခြေအနေကြည့်ရှုခဲ့ကြောင်း ဖော်ထုတ် သိရှိရသည်။

                 ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ဇွန်လ ၁၂ ရက် ညနေပိုင်းတွင် တရားခံပြေး ဇင်ယော်(ခ)ငှက်ဖြူ(ခ)နေလင်း ၏ စေခိုင်းမှုဖြင့် သက်နိုင်၊ ရဲနိုင် နှင့် တရားခံပြေး အသေးလေး တို့ ၃ ဦးသည် လက်ပစ်ဗုံး ၂ လုံးအား ယူဆောင်၍ ဆိုင်ကယ် ၂ စီးဖြင့် လယ်ဝေးမြို့မရဲစခန်းသို့ ပစ်ခတ်ဖောက်ခွဲရန် သွားရောက်ခဲ့ပြီး  တရားခံပြေး အသေးလေး မှ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အခြေအနေအား စောင့်ကြည့်၍ သက်နိုင်နှင့် ရဲနိုင်တို့ ၂ ဦးမှ လယ်ဝေးမြို့မရဲစခန်းအား လက်ပစ်ဗုံး ၁ လုံးဖြင့် ပစ်ပေါက် ထွက်ပြေးခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

                 အလားတူ ယင်းနေ့ညပိုင်းတွင် သက်နိုင်၊ ရဲနိုင်နှင့် တရားခံပြေး အသေးလေး တို့ ၃ ဦးသည် ဆိုင်ကယ် ၂ စီးဖြင့် MICC-II သို့ သွားရောက်ခဲ့ပြီး ရဲနိုင် မှ အခြေအနေ ကြည့်ရှုပေးကာ တရားခံပြေး အသေးလေး နှင့် သက်နိုင် တို့ ၂ ဦးမှ MICC-II ဂိတ်(၂) ဝင်ပေါက်အား လက်ပစ်ဗုံး ၁ လုံးဖြင့် ပစ်ပေါက်ထွက်ပြေးခဲ့ကြောင်း ဖော်ထုတ်သိရှိ ရသည်။

                 ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ အဆိုပါအကြမ်းဖက်ဖောက်ခွဲမှု များအတွက် တရားခံပြေး ဇင်ယော်(ခ)ငှက်ဖြူ(ခ)နေလင်း  မှ တစ်ဦးလျှင် ငွေကျပ် ၃ သိန်း ထောက်ပံ့ပေးခဲ့သော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များသည်  နေပြည်တော်ကောင်စီ နယ်မြေအတွင်း အကြမ်းဖက်သမားများအား ဖမ်းဆီးရမိရေး ပိုက်စိတ်တိုက်စစ်ဆေး ရှာဖွေဖမ်းဆီးမှုများ လုပ်ဆောင်နေမှုကြောင့် မနေရဲတော့ဘဲ ကယားပြည်နယ်အတွင်းသို့ ထွက်ပြေးတိမ်းရှောင်ရန် လုပ်ဆောင်နေစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ဖော်ထုတ် သိရှိရသည်။  

                   အထက်ပါ ဖမ်းဆီးရမိတရားခံများအားဥပဒေအရ ထိရောက်စွာအရေးယူ နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အကြမ်းဖက်မှုဆောင်ရွက်နေသူ များအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန်နှင့် ဆက်စပ် တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှား သွားလာနေထိုင်မှုသတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေး တိုင်ကြား နိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအားထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများ ချီးမြှင့်ပေးလျှက်ရှိကြောင်းနှင့် မြို့ရွာများအမြန်ဆုံးအေးချမ်း တည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါ ကြောင်း အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။