နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်  ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ရခိုင်ပြည်နယ်၊  မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်များရှိ     ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ပရဟိတအဖွဲ့များအား တွေ့ဆုံ အမှာစကား

Thursday, June 15, 2023 - 01:30

စစ်တွေမြို့သို့ ရောက်ရှိနေသော အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် အဖွဲ့ဝင်များ လိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် မောင်တောမြို့နှင့် ဘူးသီးတောင်မြို့များသို့ သွားရောက်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှု စစ်ဆေးပြီး ခရိုင်/ မြို့နယ်  အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမများ၌ ဌာနဆိုင်ရာများ၊ ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ပရဟိတအဖွဲ့များအား သီးခြားစီ တွေ့ဆုံအမှာ စကားပြောကြားသည်။

ဦးစွာ မောင်တောမြို့နှင့် ဘူးသီးတောင်မြို့တို့မှ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး ကောင်စီဉက္ကဋ္ဌများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ကြီးကြပ်ရန် တာဝန်ပေးအပ်ထားသည့် အရာရှိကြီးများက မုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီး ဆုံးရှုံးမှုများနှင့် ပြန်လည်ထူထောင်ရေး တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက် နေမှု အခြေအနေများ၊ ပျက်စီးသွားသော အဆောက်အဦများအတွက် ဆောက်လုပ် ရေးပစ္စည်းများ ဖြည့်ဆည်းပေးနေမှု၊ ရိက္ခာပျက်လပ်မှုမရှိစေရေး စီမံထားရှိမှု၊ ပျက်စီးသွားသောကျောင်းများ အမြန်ပြန်လည်ပြင်ဆင်ဆောင်ရွက်နေမှုများကိုအသီးသီး တင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက် ပေးသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် က မိုခါမုန်တိုင်းအလွန် ပြန်လည်ထူထောင်ရေးအတွက် Disaster Management Centre-DMC ၏ ဆောင်ရွက်နေမှု အခြေအနေများ၊ ပညာရေး၊ ကျန်းမာရေး၊ သာသနိကဆိုင်ရာ အဆောက်အဦများ၊ ရုံး/ဌာနဆိုင်ရာ အဆောက်အဦများအလိုက် ဦးစားပေး ဆောင်ရွက်နေမှုအခြေအနေများ၊ ပြည်သူများအားလုံး အမိုးအကာအောက် ရောက်ရှိရေး ဦးစားပေးဆောင်ရွက်နေသည့် အခြေအနေများ၊ မိုးရာသီတွင် စိုက်ပျိုးရေးအတွက် ထွန်ယက်မှုနှင့် မျိုးစေ့ လိုအပ်မှုအတွက် စီမံဆောင်ရွက်ပေးမှု အခြေအနေများ၊ ဇွန် ၁ ရက်အမှီ ကျောင်းဖွင့်လှစ်နိုင်ရေးနှင့်ကျောင်းများ ပြုပြင်နေဆဲကာလ ကျောင်းသား/ ကျောင်းသူများ အမိုးအကာအောက်တွင် စာသင်ကြားနိုင်ရေးဆိုင်ရာ စီမံဆောင်ရွက်ခဲ့မှု အခြေအနေများ၊ မြို့နယ်များအလိုက် ဆက်သွယ်မှုကောင်းမွန်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ရခိုင်ပြည်နယ်အတွင်း ၉၉ ရာခိုင်နှုန်း ပြီးစီးခဲ့မှုအခြေအနေများ၊ အခြေခံလူတန်းစား စားဝတ်နေ‌ရေး ပြေလည်စေရေး မုန်တိုင်းမတိုက်ခိုက်မီ အရန်ဆန်တန်ချိန် ၁၀၀၀၀(အိတ် ၂၀၀၀၀၀) စုဆောင်းခဲ့မှု အခြေအနေများ၊ ညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် အမြန်ဆုံးပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့သည့် အစဉ်အလာ ကောင်းကိုဆက်လက်ထိန်းသိမ်းရန် လိုအပ်သည့် အခြေအနေများအား အသေးစိတ် ဆွေးနွေးရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ထို့နောက် ဌာနဆိုင်ရာများ၊ ကူညီကယ်ဆယ်ရေး အဖွဲ့များနှင့် ပရဟိတအဖွဲ့များအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။

            ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မောင်တောမြို့နှင့် ဘူးသီးတောင်မြို့ တို့ရှိ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်၍ ဆရာတော်၊ သံဃာတော်များအား ဖူးမြော်ကြည်ညိုပြီး ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြ သည်။

            ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မောင်တောမြို့နှင့် ဘူးသီးတောင်မြို့တို့ရှိ  ပြည်သူ့ဆေးရုံများ၌ မုန်တိုင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် အဆောက်အဦများအား ပြန်လည်ပြင်ဆင်နေမှု အခြေအနေများနှင့် ဆေးရုံ တက်ရောက်ကုသမှုခံယူလျက်ရှိသည့် လူနာများအား လိုက်လံကြည့်ရှု အားပေး စကားပြောကြားကာ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။

            ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် သည် မောင်တောမြို့နှင့် ဘူးသီးတောင်မြို့များရှိ နယ်မြေခံတပ်ရင်းရှိ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုများ အား သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားပြီး ၎င်းတို့၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ စားသောက် ဖွယ်ရာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။