မြောက်ဉက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ်၊ အမှတ်(၂၁)ရပ်ကွက်၊ ဆည်မြောင်း ပတ်လမ်းမပေါ်၌ ဒေသခံပြည်တစ်ဦးကို ဓားထိုးမှု ကျူးလွန်ခဲ့သူများအား ပြစ်ဒဏ် အသီးသီးချမှတ် နေပြည်တော်၊ မေ - ၅

Wednesday, May 5, 2021 - 15:45

 

         ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဉက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ်၊ အမှတ်(၂၁)ရပ်ကွက်၊ ဆည်မြောင်းပတ်လမ်းမပေါ်၌ ရွှေပေါက်ကံမြို့သစ်၊ အမှတ် (၂၁)ရပ်ကွက်၊ ပုဂံလမ်း၊ အိမ်အမှတ်(၂၆)နေ စောရန်အောင်(ခ)အသေးလေး(ဘ) ဦးမိုးမြင့်ဦး အား သက်မိုးထွန်း(ဘ)ဦးထွန်းဝင်း၊ ညီညီအောင်(ဘ)ဦးလှမျိုးနှင့် မွတ်တား (စိစစ်ဆဲ)တို့က “အသားထဲကလောက်ထွက်တဲ့ကောင်၊ သူလျှို၊ ဒလန်” ဟု အော်ဟစ်ပြောဆိုပြီး အဆိုပါ မောင်စောရန်အောင်(ခ)အသေးလေး အား သေစေရန် ကြံရွယ်ချက်ဖြင့် သက်မိုးထွန်း(ဘ)ဦးထွန်းဝင်းက အရိုး ၅ လက်မခခွဲခန့်၊ အသွား ၆ လက်မခန့်ရှိ စုစုပေါင်း အရိုး/အသွား ၁၂ လက်မခွဲခန့်ရှိ သံလက်ကိုင် အဖြူရောင် ဓားအရိုးပါဓားဦးချွန်ဓားမြှောင် (၁)ချောင်းဖြင့် လည်းကောင်း၊ ညီညီအောင်(ဘ) ဦးလှမျိုးနှင့် မွတ်တား(စိစစ်ဆဲ) တို့က အရိုး ၃ လက်မခွဲခန့်၊ အသွား ၆ လက်မခန့်၊ စုစုပေါင်းအရိုး/အသွား ၉ လက်မခွဲခန့်ရှိ သံလက်ကိုင်အနက်ရောင်တပ်လျက် ဓားဦးချွန်(၁)ချောင်းနှင့် အရိုး ၃ လက်မခွဲခန့်၊ နှစ်ဖက်ဓားသွား ၄ လက်မခွဲခန့်ရှိ ဓားဦးချွန်ဓားမြှောင် ၁ ချောင်းတို့ဖြင့် လည်းကောင်း လိုက်လံထိုးခဲ့ခြင်းကို ပြုလုပ် ခဲ့ကြသည့်အတွက် စစ်အုပ်ချုပ်ရေး(Martial Law)စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီးပုဒ်မ - ၃၀၇ အရ ၎င်းတို့အား မေ ၄ ရက်တွင်                  “ အလုပ်နှင့် ထောင်ဒဏ် (၁၀)နှစ်” စီ အမိန့်ချမှတ်လိုက်ကြောင်း သိရှိရသည်။

         အဆိုပါပြစ်ဒဏ်ချမှတ်ခံရသူ ၃ ဦးအနက် ညီညီအောင်(ဘ)ဦးလှမျိုးနှင့် မွတ်တား(စိစစ်ဆဲ)တို့သည် ထွက်ပြေးလွတ်မြောက်နေသဖြင့် ၎င်းနှင့်စပ်လျဉ်း၍ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ-၈၇၊ ၈၈ အရ ဖမ်းဝရမ်းထုတ်ဆင့်ရန် အမိန့်ချမှတ်ခဲ့ သည်။

         ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့ နယ်နှင့် မြောက်ဥက္ကလာပမြို့နယ်တို့တွင် အထည်ချုပ်စက်ရုံများ၊ အခြေခံပညာ အထက်တန်းကျောင်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများအား မီးရှို့ဖျက်ဆီးခြင်း၊ မီးငြိမ်းသတ်မှု မဆောင်ရွက်နိုင်ရန် တားဆီးနှောင့်ယှက်မှုများ ဆောင်ရွက်သည့် အပြင် အကြမ်းဖက်မှုများကိုပါ ဆောင်ရွက်လာသဖြင့် စစ်အုပ်ချုပ်ရေးအမိန့်             ( Martial  Law) အား မတ် ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် ထုတ်ပြန်ကြေညာခဲ့သည်။  စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ကြေညာထားသည့် မြို့နယ်များအတွင်း စစ်ခုံရုံးဖြင့် စစ်ဆေးမည့်ပြစ်မှုဆိုင်ရာ ၂၃ မျိုးကိုလည်း ပူးတွဲထုတ်ပြန်ထားကြောင်းနှင့် အဆိုပါ ပြစ်မှုများကို ဖောက်ဖျက်ကျူးလွန်ပါက စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ကာ ထိထိရောက်ရောက် မြန်မြန်ဆန်ဆန်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။