ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်သည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်တွေတပ်နယ်၊ ကန်စောက်တပ်နယ်နှင့် ကျောက်တော်တပ်နယ် တို့ရှိ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော နယ်မြေခံ တပ်မ တော်သားများ၊ တပ်မိသားစုဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက် အားပေး စကားပြောကြားပြီး စားသောက်ဖွယ်ရာများ၊ အိမ်ဆောက်ပစ္စည်းများ၊ ထောက်ပံ့ငွေ များနှင့် SKY NET မိသားစု၊ မြန်မာနိုင်ငံလိုင်စင်ရ ကန်ရိုက်တာများ အသင်းချုပ် MLCA၊ MLCP အများပိုင်ကုမ္ဗဏီလီမီတက်၊ မြန်မာ-အိန္ဒိယ- တရုတ်ချစ်ကြည်ရေးနှင့်် စီးပွား ဖွံ့ဖြိုး တိုးတက်ရေးအသင်း (MICA) နှင့် ဘာသာစုံမိတ်ဆွေများမှ ရက် ၃၀ စတုဒိသာ အလှူတော်အစီအစဉ်ဖြင့် ချက်ပြုတ် လှူဒါန်းသော သီးစုံ ဒံပေါက်ထမင်းဘူးများကို ထောက်ပံ့ပေးအပ်ပြီး မိသားစုဝင်များ၏ တင်ပြချက်များကို လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်နှင့် အဖွဲ့ဝင်များက ရသေ့တောင်မြို့၊ အရှေ့မြောက်ရပ်ကွက်တွင် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများမှ ဒေသခံပြည်သူ များအား အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေခံဆေးကုသရေး အဖွဲ့က သွေးတိုး ရောဂါ၊ ဝမ်းပျက်/ ဝမ်းလျောရောဂါ၊ အရိုး/ အကြောရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သတ်၍ လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေး နေမှုများကို ကြည့်ရှု အားပေးပြီး ဒေသခံပြည်သူများ၏ ကျန်းမာရေးအခြေအနေများကို ရင်းရင်းနှီးနှီး မေးမြန်းအားပေးစကားပြောကြားကာ သီးစုံဒံပေါက် ထမင်း ဟင်းလျာ ဘူးများ ပေးဝေ လှူဒါန်းကြသည်။ ယင်းနောက် စစ်တွေမြို့၊ နယ်မြေခံတပ်တွင် ရက် ၃၀ စတုဒိသာ အလှူတော်အစီအစဉ်ဖြင့် လှူဒါန်းမည့် သီးစုံဒံပေါက်ထမင်းဘူးများ ချက်ပြုတ် ပြင်ဆင်ထုတ်ပိုး နေမှုများအား သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ် သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။