နိုင်ငံတော်အတွင်း ဆူပူအကြမ်းဖက်သူလူအုပ်စုများအနေဖြင့် နိုင်ငံတော်ပိုင်အဆောက် အဦများ၊ အေးချမ်းစွာနေထိုင်လိုသော ပြည်သူလူထုအချို့၏ နေအိမ်များ၊ အများပြည်သူသွားလာ လှုပ်ရှားနေသော လမ်းမကြီးများပေါ်တွင် လက်လုပ်ဗုံးများ ပစ်ဖောက်ခြင်း၊ ထောင်ထားခြင်း များအား ပြုလုပ်လျက်ရှိသည်။
ထိုသို့လုပ်ဆောင်ရာတွင် မေလ ၄ ရက်နေ့ ညနေ ၅ နာရီ ၅၅ မိနစ်အချိန်တွင် မွန်ပြည်နယ်၊ သထုံမြို့၊ အောက်ကျင်းရပ်ကွက်၊ မြို့မဈေးကြီး၌လည်းကောင်း၊ ည ၇ နာရီ ၅ မိနစ်အချိန်တွင် သိမ်ကုန်းရပ်ကွက်၊ ကြေးသွန်းဘုရားလမ်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း ၌လည်းကောင်း၊ ယနေ့နံနက် ၅ နာရီ ၄၀ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ နတ်မောက်ရပ်ကွက်၊ ကျိုက္ကဆံလမ်းရှိ အခြေခံပညာအထက်တန်းကျောင်း(တာမွေ)ရှေ့၌ လည်း ကောင်း၊ နံနက် ၅ နာရီ ၅၀ မိနစ်အချိန်တွင် လှိုင်မြို့နယ်၊ (၁၆)ရပ်ကွက်၊ ရပ်ကွက်စီမံ အုပ်ချုပ်ရေး အဖွဲ့ရုံးရှေ့၌လည်းကောင်း၊ နံနက် ၅ နာရီ ၅၅ မိနစ်အချိန်တွင် လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၊ (၁၁)ရပ်ကွက်၊ ခိုင်ရွှေလမ်း၊ အိမ်အမှတ် (၂၁၉/ခ)နေ ဦးစိုင်းလင်းဇော် (၅၀)နှစ်(ဘ)ဦးငြိမ်း၏ နေအိမ်၌ လည်းကောင်း၊ နံနက် ၇ နာရီခွဲအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၊ (၇)ရပ်ကွက်၊ ကျန်စစ်သားလမ်းနှင့် ရာဇဓိရာဇ်လမ်းထောင့် ဘုန်းကြီးကျောင်းကွေ့ ကားမှတ်တိုင်ရှိ YBS(၃၀)ယာဉ်ပေါ်၌ လည်းကောင်း၊ နံနက် ၇ နာရီခွဲ အချိန်တွင် မန္တလေးတိုင်း ဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်၊ ၇၈ လမ်းနှင့် အမရပူရလမ်းခွဲထောင့်ရှိ အမှတ်(၃၂)အခြေခံပညာအထက်တန်း ကျောင်း၌လည်းကောင်း၊ နံနက် ၁၀ နာရီ ၁၀ မိနစ်အချိန်တွင် ပေါင်းတည်မြို့နယ်၊ အုတ်ဖို(၁) ရပ်ကွက်ရှိ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့မှူးနေအိမ်၌လည်းကောင်း၊ နံနက် ၁၀ နာရီ ၁၅ မိနစ် အချိန်တွင် သဲကုန်းမြို့နယ်၊ ပုတီးကုန်း မြို့၊ ချမ်းမြသာယာရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(ပုတီးကုန်း)၌လည်းကောင်း၊ နေ့လယ် ၁၂ နာရီခွဲအချိန်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းဝင်းအတွင်း၌ လည်းကောင်း၊ မွန်းလွဲ ၁ နာရီအချိန်တွင် မန္တလေးတိုင်း ဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ဒေးဝန်းအရှေ့ရပ်ကွက်၊ လမ်း ၄၀ နှင့် ၈၇ လမ်းထောင့်ရှိ ကျောက်မျက်ရတနာရောင်းဝယ်ရေး အုပ်ချုပ်ရေးရုံး၌လည်းကောင်း အကြမ်းဖက်သူများက လက်လုပ်ဗုံးများဖြင့် လာရောက်ပစ်ပေါက် ထွက်ပြေးသွားခြင်းကြောင့် ပေါက်ကွဲမှုများဖြစ်ပွားခဲ့ပြီး အဆိုပါနေရာများသို့ လုံခြုံရေးတပ်ဖွဲ့ဝင် များက လိုအပ်သည့်စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ထို့ပြင် မေ ၄ ရက် ည ၇ နာရီ ၄၀ မိနစ်အချိန်တွင် မုဒုံမြို့နယ်၊ မြို့မရဲစခန်းအနီး ၌လည်းကောင်း၊ ယနေ့နံနက် ၆ နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ (၁၈)ရပ်ကွက်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးရှေ့၌ လည်းကောင်း၊ နံနက် ၇ နာရီ ၅၀ မိနစ်အချိန်တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့၊ ရွှေချီရပ်ကွက်၊ တပ်ပိုးလမ်း စိုက်ပျိုးရေးသိပ္ပံကျောင်းအနီး၌လည်းကောင်း၊ နံနက် ၈ နာရီ ၁၀ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ အမှုထမ်းရပ်ကွက်ရှိ မြို့နယ်ပညာရေးမှူးရုံးအဟောင်း၌ လည်းကောင်း၊ နံနက် ၁၀ နာရီခွဲအချိန်တွင် ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့နှင့် မရမ်းကျေးရွာကြား ရွှေဘို−မြစ်ကြီးနားကားလမ်းပေါ်ရှိ နမ္မတီးနယ်မြေ ရဲစခန်းအနီး၌လည်းကောင်း အကြမ်းဖက်သောင်းကျန်းသူများက လက်ပစ်ဗုံးများ၊ လက်လုပ်ဗုံးများထောင်ထားကြောင်း စစ်ဆေးသိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သက်မဲ့ပြုလုပ်သိမ်းဆည်းခဲ့သည်။
၎င်းအပြင် ယနေ့နံနက် ၇ နာရီတွင် နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ပျဉ်းမနားမြို့၊ ရွာကောက် ရပ်ကွက်၊ (၂)ရပ်၊ ပေါင်းလောင်း(၁၇)လမ်း၊ အမှတ်(၃) စစ်သားစုဆောင်းရေးရုံးအနီး “ကမ္ဘာသစ်” လက်ဖက်ရည်ဆိုင်ရှေ့၌ လုံခြုံရေး ဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့သုံးယာဉ် ၁ စီး သည် အကြမ်းဖက်သူ(စိစစ်ဆဲ) ထောင်ထားသည့် လက်လုပ်မိုင်း ၁ လုံး ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှု ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦးတွင် ဒဏ်ရာအနည်းငယ်ရရှိခဲ့ကာ တပ်ဖွဲ့သုံးမော်တော်ယာဉ် ၁ စီး ထိခိုက်ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။
ထို့အပြင် နံနက် ၁၀ နာရီ ၅ မိနစ်အချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၊ မြို့တွင်းကျေးရွာ၊ ကျေးရွာစီမံအုပ်ချုပ်ရေးအဖွွဲ့မှူးနေအိမ်အား အကြမ်းဖက်သူ ခေါင်းဆောင် (စိစစ်ဆဲ) အင်အား ၁၀ ဦးခန့်က ဆိုင်ကယ် ၅ စီးဖြင့် ရောက်ရှိလာပြီး တူမီးသေနတ်ဖြင့် ၅ ချက် ပစ်ခတ် သွား၍ မောင်းနှင်ထွက်ပြေးသွားကြောင်းနှင့် ပစ်ခတ်မှုကြောင့် လူထိခိုက်မှုမရှိကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှုလုပ်ရပ်များကို ကျူးလွန်သူများအား ဥပဒေနှင့် အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်းသိရသည်။