ဆိုင်ကလုန်းမုန်တိုင်းမိုခါ(MOCHA) ဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက် ပျက်စီး ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့် ပြည်သူများအား လိုအပ်သောပစ္စည်းများ ကူညီထောက်ပံ့မှုများဆောင်ရွက်ပေးနိုင် ရန် တပ်မတော်မှ ရေယာဉ်၊ လေယာဉ်၊ ရဟတ်ယာဉ်များ၊ မော်တော်ယာဉ်များဖြင့် စဉ်ဆက်မပျက် ပို့ဆောင် ပေးလျက်ရှိသကဲ့သို့ အရပ်ဘက်ကုမ္ပဏီများမှ ရေယာဉ်များ ဖြင့်လည်းပို့ဆောင်ပေး လျက်ရှိသည်။
ထိုသို့ပို့ဆောင်ပေးလျက်ရှိရာယနေ့တွင် သူရိယစန္ဒာဝင်း ကုမ္ပဏီပိုင် ကုန်တန် ချိန် ၃၅၀၀ တင်ဆောင်နိုင်သော MV .Royal Venus အမည်ရှိရေယာဉ်သည် ကုန်တန်ချိန် ၃၄၆၂ တန်အားတင်ဆောင်၍ လည်းကောင်း၊ ကုန်တန်ချိန်၂၅၀၀ တန် တင်ဆောင်နိုင်သော MV .WERU PACK KHA အမည်ရှိရေယာဉ်သည် ကုန်တန်ချိန် ၂၂၀၀ တန်ချိန်အား တင်ဆောင်၍လည်းကောင်းရန်ကုန်မြို့ ဗိုလ်အောင်ကျော်ဆိပ်ခံ တံတားမှ ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ထွက်ခွာသွားကြောင်းသိရသည်။
အဆိုပါ MV Royal Venus ရေယာဥ်ပေါ်၌ တပ်မတော်(ကြည်း၊ရေ၊လေ)နှင့် ဝန်းကြီးဌာနများမှလှူဒါန်းပေးပို့သော အမိုးသွပ် ၁၀၈၀၀၀ ချပ် ၊ဆယ်တင်အမိုးသွပ် ၂၉၀၀၀ ချပ်၊ဘိလပ်မြေအိတ် ၈၀၀၀ အိတ်၊ သံချောင်းလုံး ၄၀၀ တန်၊ သစ် ၃၅ တန်၊ ထောင့်သံ ၂၀၀ တန်၊အုတ် ၂၃၀၀၀၀ လုံး၊ ဝန်သယ်ယာဉ် နောက်တွဲပါ တစ်စီး၊ စက်သယ် ယာဉ်နောက်တွဲပါ တစ်စီး၊ ဖော့ကလစ် တစ်စီး၊ ဆန် ၅၆ အိတ်၊ အာလူး ၁၅၀ ပိဿာ၊ ခေါင်အုပ်သွပ် ၁၂၀ တန်၊ ကွန်ကရစ်ပိုက်လုံး ၁၅ လုံး၊ သံပြား လေးချပ်၊ ရေသန့်ကားနှစ်စီး၊ အောက်စီဂျင်အိုး ၂၇ လုံးကို တင်ဆောင်သွားခဲ့ပြီး MV.WERU PACA KHA ရေယာဉ်ပေါ်၌ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှလှူဒါန်းသော ပစ္စည်းများ၊ ဝန်ကြီးဌာနများမှ လှူဒါန်း သောပစ္စည်းများ၊ ဌာနဆိုင်ရာများမှလှူဒါန်းသော ပစ္စည်းများနှင့် ထိုင်းနိုင်ငံမှလှူဒါန်းသော ပစ္စည်းများပါရှိပြီး ရေယာဉ်များထွက်ခွာ ချိန်တွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် အထွေထွေ မန်နေဂျာ ဦးဇော်ထွန်းလွင်နှင့် တာဝန်ရှိသူများမှ ပို့ဆောင်နှုတ်ဆက်ကြကြောင်း သိရသည်။
အဆို ရေယာဉ်များ စစ်တွေမြို့သို့ရောက်ရှိပါက ၎င်းတို့ သယ်ဆောင်လာ သည့် စားသောက်ကုန်ပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးယာဉ်များနှင့် ကူညီ ကယ်ဆယ် ရေးပစ္စည်းများအား တာဝန်ရှိသူများထံသို့ စနစ်တကျလွှဲပြောင်း ပေးအပ် ၍ မုန်တိုင်းဒဏ် သင့်ပြည်သူများထံသို့ အမြန်ဆုံးဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။