လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဆူပူအကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများအား ဆက်လက်ဖော်ထုတ်သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ၂၀၂၁ ခုနှစ်၊ မေလ ၄ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊တိုက်ကြီးမြို့နယ်၊ ဈေးရပ်ကွက်ရှိ အမှတ်(၁၄)အခြေခံပညာမူလတန်း ကျောင်းဝင်းအတွင်း၌ ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့် ပစ္စည်းများသိုဝှက်ထားကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ အဆိုပါကျောင်းဝင်းအတွင်းမှ သံဒိုင်း ၅ ချပ်၊ ကော်ဒိုင် ၄ ချပ်၊ ကျည်ကာ အင်္ကျီ ၂၇ ခု၊ ဖိုက်ဘာဦးထုပ် ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရ သည်။
အလားတူ ညနေ ၄ နာရီ ၅၀ မိနစ်အချိန်တွင် မရမ်းကုန်းမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းအတွင်း၌ CDM လှုပ်ရှားဆောင်ရွက်မှု စာရွက် စာတမ်းများ သိမ်းဆည်းထားကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်က သွားရောက်စစ်ဆေးရာ ကျောင်းဝင်း ဝင်ပေါက်လုံခြုံရေးဂိတ်အတွင်းမှ နိုင်ငံတော်ဆန့်ကျင်ရေးစာသားပါ ဗီးနိုင်းစ ၁၄ ခု၊ ကော်ဦးထုပ် ၆ လုံး၊ ဓာတ်ငွေ့ကာ နှာခေါင်းစွပ် ၁ ခု၊ မျက်မှန် ၁ လက်၊ နိုင်ငံတော်ဆန့်ကျင်ရေး စာသားပါ စာရွက် ၃၅၀ ရွက်တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။
ထို့အတူ ည ၉နာရီခွဲခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ သပြေတန်းကျေးရွာနေ အောင်သိုက်စိုး(ဘ)ဦးထွန်းလှ အား လက်လုပ်သေနတ် ၁ လက်နှင့် ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
အထက်ပါဖြစ်စဉ်များမှ ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာ များ သိုဝှက်သိမ်းဆည်းထားရှိသူများအား ဥပဒေနှင့်အညီ ဖော်ထုတ်အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။