ကမ္ဘောဒီးယားနိုင်ငံ၊ဖနွမ်းပင်မြို့တွင်ကျင်းပခဲ့သည့် (၁၂)ကြိမ်မြောက် အာဆီယံ မသန်စွမ်းသူများအားကစားပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်ခဲ့သည့် မြန်မာနိုင်ငံမသန်စွမ်းသူများ အားကစားအသင်းသည် ယနေ့ညပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)၊ ရန်ကုန်တိုင်းဒေသကြီး၊ အားကစားနှင့်ကာယ ပညာဦးစီးဌာနမှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံမသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ အားကစားသမားများ၊ မိဘဆွေမျိုးများက ကြိုဆိုနှုတ်ဆက်ကြသည်။
အဆိုပါပြိုင်ပွဲမှ မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ခေါင်းဆောင်၊ မြန်မာနိုင်ငံ မသန်စွမ်းသူများအားကစားအဖွဲ့ချုပ်ဥက္ကဌ ဗိုလ်ချုပ် လှမိုး၊ ဒုတိယဥက္ကဌများ၊ နည်းပြ၊ အုပ်ချုပ်သူ ၄၄ဦး၊အားကစားသမား ၈၂ ဦး စုစုပေါင်း ၁၂၆ဦး ပြန်လည်လိုက်ပါလာသည်။
အဆိုပါအားကစာပြိုင်ပွဲတွင် မြန်မာနိုင်ငံမသန်စွမ်းသူများအားကစားအသင်းမှ ရေကူးအားကစားနည်းတွင် ကျား ၁၀ ဦး၊ပြေးခုန်ပစ်အားကသားနည်းတွင် ကျား /မ ၂၅ ဦး၊ အလေးမအားကစားနည်းတွင် ကျား/မ ၇ ဦး၊ဘော်လီဘောအားကစားနည်းတွင် ကျား ၁၂ ဦး၊ ဂိုးလ်ဘောအားကစားနည်းတွင် ကျား ၆ ဦး၊စစ်တုရင်အားကစားနည်းတွင် ကျား ၆ ဦး၊ စားပွဲတင်တင်းနစ်အားကစားနည်းတွင် ကျား ၂ ဦး၊ဘောလုံးအားကစားနည်းတွင် ကျား ၁၄ ဦး၊ စုစုပေါင်း ၈၂ ဦးပါဝင်ယှဉ်ပြိုင်သည်။
(၁၂)ကြိမ်မြောက်အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲကို ၂၀၂၃ခုနှစ်၊ ဇွန်လ ၃ ရက်နေ့မှဇွန်လ ၉ရက်နေ့အထိကျင်းပခဲ့ပြီး မြန်မာနိုင်ငံမသန်စွမ်းသူများ အားကစား အသင်းမှ ရေကူးအားကစားနည်းတွင် ရွှေတံဆိပ် ၁၂ခု ၊ ငွေတံဆိပ် ၁၃ခု၊ ကြေးတံဆိပ် ၁၀ခု၊ပြေးခုန်ပစ်အားကစားနည်းတွင် ရွှေ ၃ ခု၊ ငွေတံဆိပ် ၆ ခု၊ ကြေးတံဆိပ် ၄ ခု၊ အလေးမအားကစားနည်းတွင် ငွေတံဆိပ် ၃ ခု၊ ကြေးတံဆိပ် ၂ ခု ၊ ဂိုးလ်ဘော အားကစားနည်းတွင် ကြေးတံဆိပ် ၁ ခု၊ စစ်တုရင်အားကစားနည်းတွင် ကြေးတံဆိပ် ၂ ခု ၊ စုစုပေါင်း ( ၅၆) ခုရရှိခဲ့ပြီး နိုင်ငံအလိုက်အဆင့်(၆)ရရှိခဲ့ကြောင်းသတင်းရရှိသည်။