နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ် မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့်ဒေသများကို သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ်ကြေညာ ချက်များထုတ်ပြန်၍ ယင်းကြေညာချက်များပါ ဒေသများတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ် တာဝန်ပေးထားပြီးဖြစ်သည်။
ထိုသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခန့်အပ် တာဝန် ပေးအပ်ထားရှိရာ ယနေ့တွင် ဘူးသီးတောင်မြို့သို့ ရောက်ရှိနေသည့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းနှင့် တာဝန်ရှိသူများသည် သာသနာ့ အလင်းရောင်ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ပြီး ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ကြည်ညိုပြီး မုန်တိုင်းကြောင့် အမိုးလန် ပျက်စီးခဲ့သည့် ဘုန်းတော်ကြီးကျောင်း ၆ ကျောင်းအတွက် ပြန်လည်ပြုပြင် ရန်လိုအပ်သော အမိုးသွပ်များ၊ ဆွမ်းဆန်တော်များနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မုန်တိုင်းဒဏ်သင့်ဘုန်းတော်ကြီးကျောင်း များသို့လှူဒါန်းသော နဝကမ္မအလှူတော်ငွေများအား ကျောင်းထိုင် ဆရာတော်များထံ သွားရောက် ဆက်ကပ်လှူဒါန်းသည်။
ထို့အတူ ရခိုင်ပြည်နယ်၊ မြေပုံမြို့သို့ ရောက်ရှိနေသော ဗိုလ်မှူးချုပ် ကျော်ကျော်စိုး သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ သဘာဝဘေးပြန်လည်ထူထောင်ရေးကော်မတီနှင့် အလှူရှင် များထောက်ပံ့သည့် ကုလားတန်(၅)သင်္ဘောဖြင့် ထပ်မံရောက်ရှိလာသည့် ထောက်ပံ့ ပစ္စည်းများ ၆ မျိုးအား ယနေ့နံနက်ပိုင်းတွင် ငုပင် လယ်ဆိပ်ကမ်း၊ ဆိပ်ခံ တံတားပေါ် သို့တင်ယူပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမသို့ ပြောင်းရွှေ့ ပေးကာ ထောက်ပံ့ရေးပစ္စည်းများ လေဘေးသင့်ပြည်သူများထံသို့ မြန်မြန်ဆန်ဆန် ဖြန့်ဝေပေးနိုင်ရေး အစည်းအဝေးပြုလုပ်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက ပူးပေါင်း ဆောင်ရွက်ပေး လျက်ရှိကြောင်း သတင်းရရှိသည်။