နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များ၏ အဓိပတိ မန္တလေးတိုင်းဒေသကြီး ဗန်းမော်ကျောင်းတိုက်ကြီး၏ဦးစီးပဓာနမဟာနာယက အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ မဟာထေရ်မြတ်ကြီး ဗန်းမော်ဆရာတော်ဘုရားကြီး၏ သရီရဓာတုပဝါဟနပူဇာ အရိုးဓာတ်ပြာတော်များ ရေမျှောပူဇော်ပွဲအခမ်းအနားကျင်းပ
မန္တလေး၊ ဇွန် ၇
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များ၏ အဓိပတိ၊ မန္တလေးတိုင်းဒေသကြီးမဟာအောင်မြို့မြို့နယ် ဗန်းမော်ကျောင်းတိုက်ကြီး၏ဦးစီး ပဓာန မဟာနာယကအဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တ ကုမာရာ ဘိဝံသ မဟာထေရ်မြတ်ကြီးသည် သက်တော်(၉၄)နှစ်၊ သိက္ခာတော် (၇၄)ဝါအရ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် နယုန်လဆန်း ၇ ရက် ၊၂၀၂၃ခုနှစ် မေ ၂၅ ရက် ကြာသပတေးနေ့ ည ၁၁ နာရီ ၁၁မိနစ်တွင် ဘဝနတ်ထံပျံလွန်တော်မူ၍ ဥတုဇရုပ်ကလာပ်တော်အား ဗန်းမော်ကျောင်းတိုက်ကြီးရှိ အေးကမ္ဘာ ဗိမာန်ယာယီစံကျောင်းတော်တွင်ပူဇော်ထားရှိခဲ့ပြီး ဇွန် ၆ ရက်နေ့၌ အန္တိမဈာပန သာဓုကီဠနပူဇာ သဘင်အခမ်းအနားကို ကျင်းပ၍ ရုပ်ကလာပ်တော်အား တေဇောဓာတ်ပူဇော်ခဲ့သည်။
ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တေဇောဓာတ်ပူဇော်သည့် နေရာသို့ရောက်ရှိရာ နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် မန္တလေးမြို့မစိုးရိမ်တိုက်သစ် မဟာနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသအမှူးပြု၍ ဆရာတော်သံဃာတော်များအား ဖူးမြော်ကြပြီးနောက် တပည့်သံဃာတော်များ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ သည် လောင်တိုက်တော်ပေါ်သို့တက်ရောက်ပြီး အခမ်းအနားမှူးက သရီရဓာတ်ပြာတော်များကို ဓာတုပဝါဟနပူဇာသဘင် ဆင်ယင်ကျင်းပပူဇော်ခွင့်ပြုတော်မူရန် အဘိယာစန နိမန္တနဂါထာဖြင့် တောင်းပန်လျှောက်ထားကာ သရီရအရိုးဓာတ်ပြာတော်များကို အုန်းစိမ်းရည်များဖြင့် ပက်ဖျန်း ပူဇော်ကြပြီးနောက် ရတနာ ရွှေအိုး၊ ငွေအိုးများနှင့် ရွှေအိတ်၊ ငွေအိတ်များတွင် ထည့်သွင်းပူဇော် ကြသည်။
၎င်းနောက် သံဃာတော်အရှင်သူမြတ်များဦးဆောင်၍ အနိစ္စာဝတ သင်္ခါရာ အစချီသော သံဝေဂသုံးဂါထာကို ရွတ်ဆိုပွားများပြီး အပြစ်ရှိက ခွင့်လွှတ်တော်မူပါရန် တောင်းပန်ကန်တော့ လွှာဖြင့် နောက်ဆုံးတောင်းပန်ကန်တော့ခြင်းများဆောင်ရွက်ကြပြီးနောက် ကရဝိတ်ဖောင်တော် ယာဉ်ဖြင့် ရေမျှောပူဇော်သဘင်ကျင်းပမည့် မရမ်းခြံဆိပ်ကမ်းနေရာသို့ ပင့်ဆောင်ကြသည်။
ဗန်းမော်ဆရာတော်ဘုရားကြီး၏ သရီရဓာတုပဝါဟနပူဇာ အရိုးဓာတ်ပြာတော်များ ရေမျှော ပူဇော်သဘင်အခမ်းအနားကို နိုင်ငံတော်အဆင့်နှင့်လျော်ညီစွာကျင်းပရာ နိုင်ငံတော်ဗဟိုသံဃ ဝန်ဆောင် မန္တလေးမြို့မစိုးရိမ်တိုက်သစ်မဟာနာယကဆရာတော်အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တဝါသေဋ္ဌာ ဘိဝံသအမှူးပြု၍ ဆရာတော်သံဃာတော်များကြွရောက်တော်မူပြီး သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဦးကိုကို၊မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦး နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ တပည့်၊ ဒါယကာ၊ ဒါယိကာမများ၊ဆွေတော်မျိုးတော်များ၊ဝတ်ရွတ်အသင်းအဖွဲ့များနှင့် ဧည့်ပရိသတ်များ တက်ရောက် ကြသည်။
ဆက်လက်၍ဗန်းမော်ဆရာတော်ဘုရားကြီး၏ သရီရအရိုးဓာတ်ပြာတော်များကို နိုင်ငံတော် ဗဟိုသံဃဝန်ဆောင် မန္တလေးမြို့ မစိုးရိမ်တိုက်သစ် မဟာနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသအမှူးပြု၍ ဆရာတော်သံဃာတော်များ၊ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများက ကရဝိတ်ရွှေဖော်တော် ရေယာဉ်ပေါ်သို့ ပင့်ဆောင်ကြသည်။
ဗန်းမော်ဆရာတော်ဘုရားကြီး၏ သရီရအရိုးဓာတ်ပြာတော်များကို ရေမျှောပူဇော်မည့် မင်းရဲလှဆိပ်ကမ်းအနီးမြစ်လယ်သို့ ပင့်ဆောင်ပူဇော်ကြစဉ် နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် မန္တလေးမြို့ မစိုးရိမ်တိုက်သစ် မဟာနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝါသေဋ္ဌာ ဘိဝံသ အမှူးပြု၍ ဆရာတော်သံဃာတော်များ၊ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့၊တာဝန်ရှိပုဂ္ဂိုလ်များ၊ တပည့် ဒါယကာ ဒါယိကာမများ၊ သာသနာနွယ်ဝင် သီလရှင်များနှင့် ဝတ်ရွတ်အဖွဲ့များက ဆရာတော် ကြီး၏ဂုဏ်ကျေးဇူးတော်ကို အာရုံရည်မှန်းပြီး ပစ္စယနိဒ္ဒေသ (၂၄)ပစ္စည်း ပဋ္ဌာန်း ဒေသနာတော်ကို ရွတ်ဖတ်ပွားများပူဇော်ကြသည်။
၎င်းနောက် ရေမျှောပူဇော်မည့်နေရာသို့ရောက်သည့်အခါ အခမ်းအနားမှူးက သရီရဓာတု ပဝါဟနပူဇာအဖြစ် ဗန်းမော်ဆရာတော်ဘုရားကြီး၏ အရိုးဓာတ်ပြာတော်များကို ရေမျှောပူဇော် တော့မည်ဖြစ်ကြောင်း ကြေညာကာ အနိစ္စာ ဝတ သင်္ခါရာ အစချီသော သံဝေဂ သုံးဂါထာကို ရွတ်ဆိုပွားများ၍ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိပုဂ္ဂိုလ်များက သရီရအရိုးဓာတ်ပြာတော်များကို ရေမျှောပူဇော်ကြပြီးနောက် ဆရာတော်သံဃာတော်များအား နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ဗန်းမော်ဆရာတော်ဘုရားကြီး၏ သရီရအရိုးဓာတ်ပြာတော်များကို ရေမျှောပူဇော်ရာတွင် ဆရာတော်၊ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များ၊ တပည့် ဒါယကာ၊ ဒါယိကာမများက ရွှေကိန္နရီ၊ ပွင့်ဖြူ၊ ပြဒါးပျံ၊ ပတိုင်း၊ ပိတောက် ရေယာဉ်များဖြင့် ခြံရံလိုက်ပါပူဇော်ကြကြောင်းနှင့် လမ်းကြောင်းတစ်လျှောက်တွင်လည်း ရဟန်းရှင်လူပြည်သူအပေါင်းတို့က မြစ်ကမ်းပေါ်မှဖူးမြော် ခဲ့ကြကြောင်း သတင်းရရှိသည်။