ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး ကွပ်ကဲ မှုအောက် အထူးဆေးကုသရေးအဖွဲ့၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံ ဆေးကုသရေးအဖွဲ့များနှင့် ကျန်းမာရေးဦးစီးဌာနများမှ ကျန်းမာရေးဝန်ထမ်းများက ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းသင့်ဒေသများမှ ဒေသခံပြည်သူများအား မြို့နယ် အလိုက် သတ်မှတ်နေရာများတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ဆေးကုသရေးအဖွဲ့များက စစ်တွေမြို့နယ်၊ သိန်းတန်ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ မုန်တိုင်းဒဏ်သင့် ဒေသခံပြည်သူများအား သွေးတိုးရောဂါ၊ ဝမ်းပျက် ဝမ်းလျောရောဂါ၊ အရိုး အကြော ရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။