မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ဘုရားတောင်ကျေးရွာအနီး မေလ ၄ ရက်နေ့ မွန်းလွဲ ၃ နာရီ ၅၀ မိနစ်အချိန်တွင် ဆူပူဆန္ဒပြနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက အခြေအနေအား ထိန်းသိမ်းနိုင်ရေး သွားရောက်ခဲ့သည်။
ထိုသို့ သွားရောက်စဉ် ရေပြာကျေးရွာသို့အရောက်တွင် ဆူပူဆန္ဒပြရန် လှုံ့ဆော်ခြင်း၊ အများပြည်သူများ အထိတ်တလန့်ဖြစ်အောင်ဆောင်ရွက်ခြင်း၊ ဝန်ထမ်းများအား CDM ပြုလုပ်ရန် တွန်းအားပေးခြင်းများတွင် ဦးဆောင်ပြုလုပ်ခဲ့သူများအား လိုက်လံဖမ်းဆီးခဲ့ရာ ရေပြာကျေးရွာနေ ဦးကျော်စိုး(၅၅)နှစ်(ဘ)ဦးကြံပါအမျိုးသား(၃)ဦးတို့အား ဖမ်းဆီးရမိခဲ့ပါသည်။
ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ညနေ ၄ နာရီ ၅ မိနစ်တွင် ဘုရားတောင် ကျေးရွာအနီးသို့ထွက်ခွာလာစဉ် ပေါက်-ပခုက္ကူကားလမ်း ဘုရားတောင်ကျေးရွာလမ်းခွဲအရောက် ကားလမ်းဘေးဝဲယာမှ ဦးဆောင်သူ(စိစစ်ဆဲ)ဆူပူအကြမ်းဖက်သူ အင်အား(၃၀၀)ဦးခန့်က လုံခြုံရေး တပ်ဖွဲ့ဝင်များလိုက်ပါလာသည့်ယာဉ်တန်းအား လေးခွ၊ ဂျင်ကလိ၊ ကုန်းသီး၊ ကျောက်ခဲ၊ အုတ်ခဲကျိုး တို့ဖြင့် ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့၍ အဓိကရုဏ်းလက်နက်များဖြင့် ပြန်လည်ပစ်ခတ်လူစုခွဲခဲ့ရာ ညနေ ၄ နာရီ ၄၀ မိနစ်တွင် လူစုကွဲသွားခဲ့ပြီး ဆူပူအကြမ်းဖက်ရာတွင်ပါဝင်သူ ဘုရားတောင်ကျေးရွာနေ နိုင်ဝင်း(၃၈)နှစ်ပါအမျိုးသား(၁၀)ဦးအား ဖမ်းဆီးထိန်းသိမ်းခဲ့ကာ အကြမ်းဖက်သူများ၏တိုက်ခိုက်မှု ကြောင့် လုံခြုံရေးယာဉ်(၂)စီးမှာ လေကာမှန်များကွဲအက်ပျက်စီးခဲ့သည်။
ညနေ ၅ နာရီ ၂၅ မိနစ်အချိန်တွင် ဆူပူအကြမ်းဖက်သူ အင်အား(၄၀၀)ဦး ခန့်သည် ဖမ်းဆီးသွားသူများပြန်လွှတ်ပေးရေးအတွက် ရေပြာနယ်မြေရဲစခန်း၏အရှေ့တောင်ဘက် ပခုက္ကူ-ပေါက်ကားလမ်းပေါ်မှနေ၍ ရဲစခန်းအား ဝိုင်းဝန်းအကြမ်းဖက်ရန်ပြုတိုက်ခိုက်လာသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များမှ ပြန်လည်ခြောက်လှန့်ပစ်ခတ်ခဲ့ရာ ညနေ ၅ နာရီ ၄၅ မိနစ်အချိန်တွင် လူစုကွဲသွားခဲ့ပြီး ဆူပူအကြမ်းဖက်ရာတွင်ပါဝင်သူ အမျိုးသား(၆)ဦးအား ဖမ်းဆီးထိန်းသိမ်းခဲ့ရပြီး ကျော်ဇင်လတ် (စိစစ်ဆဲ) သည် ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အတွက် ဆေးဝါးကုသမှုပေးနိုင်ရေး ပခုက္ကူဆေးရုံသို့ ပို့ဆောင်ထား ရှိကြောင်း သိရှိရသည်။
အထက်ပါဖြစ်စဉ်များတွင် ဖမ်းဆီးထိန်းသိမ်းခဲ့သည့် ဆူပူအကြမ်းဖက်သူများအား ဥပဒေနှင့် အညီ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။