​မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၌ လက်လုပ်ဗုံးပေါက်ကွဲ၍ ရာဇသတ်ကြီးပုဒ်မ ၅၀၅−က ဖြင့် အမှုဖွင့်လှစ်ခံထားရသော ဆူပူအကြမ်းဖက်သူ ၁ ဦးအပါအဝင် အမျိုးသား ၃ ဦးသေဆုံး နေပြည်တော်၊ မေ ၅

Wednesday, May 5, 2021 - 13:00

 

             မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၌ မေလ ၄ ရက်နေ့တွင် လက်လုပ်ဗုံး ပေါက်ကွဲ၍ ရာဇသတ်ကြီးပုဒ်မ ၅၀၅−က ဖြင့် အမှုဖွင့်လှစ်ခံထားရသော ဆူပူအကြမ်းဖက်သူ ၁ ဦး အပါအဝင် အမျိုးသား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

             ဖြစ်စဉ်မှာ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၊ မြို့မရပ်ကွက်နေ ဝေယံအောင်(၃၀)နှစ်(ဘ) ဦးမြင့်ဦးသည် မိတ်ဆွေများဖြစ်သည့် တောင်ပြင်ကျေးရွာနေ ဦးမြင့်သန်း၊ ဦးမင်းစိုးတို့နှင့်အတူ ဦးမြင့်သန်း၏ နေအိမ်သို့ ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာခဲ့ပြီး ဝေယံအောင်က ၎င်းစီးနင်းလာသည့် ဆိုင်ကယ် တူးဘောက်အတွင်းရှိ ဝက်သားများအား ထုတ်ယူရန် ဆိုင်ကယ်တူးဘောက်အား ဖွင့်လှစ် ခဲ့ရာ တူးဘောက်အတွင်း၌ ဝက်သားများနှင့်အတူ ရောနှောထည့်ထားသည့် အကြမ်းဖက်မှုလုပ်ရပ် များတွင် အသုံးပြုရန်အတွက် အသင့်ဆောင်ထားသော လက်လုပ်မိုင်းပေါက်ကွဲ၍ ဝေယံအောင်နှင့် ၎င်း၏ မိတ်ဆွေ ၂ ဦးတို့သည် လက်လုပ်မိုင်းအစများ ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

             လက်လုပ်မိုင်ပေါက်ကွဲသေဆုံးမှုတွင် ပါဝင်သည့် ဝေယံအောင်မှာ နယ်မြေအတွင်း မကြာခဏ ဆူပူဆန္ဒပြသူ ၁ ဦးဖြစ်၍ နယ်မြေခံရဲစခန်း၌ ရာဇသတ်ကြီးပုဒ်မ ၅၀၅−က ဖြင့် အမှုဖွင့်လှစ်ခံထား ရပြီး ထွက်ပြေးတိမ်ရှောင်နေသူဖြစ်ကြောင်း သိရှိရကာ လူသေဆုံးမှုဖြစ်စဉ်နှင့် ပတ်သက်၍ ဥပဒေနှင့် အညီသေမှုသေခင်းရေးဖွင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။