မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၌ နိုင်ငံတော်ဆန့်ကျင်ရေးစာသားပါ စာရွက်များနှင့်အတူ တွေ့ရှိသူအား ဖမ်းဆီးရမိ နေပြည်တော်၊ မေ-၅

Wednesday, May 5, 2021 - 13:00

 

             နိုင်ငံတော်အတွင်း ဆူပူအုံကြွမှုများဖြစ်ပေါ်စေရေးအတွက် နောက်ကွယ်မှ သွေးထိုးလှုံ့ဆော် နည်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိသကဲ့သို့ အဖျက်အမှောင့် ဆောင်ရွက်လိုသူအချို့မှလည်း နိုင်ငံတော် ဆန့်ကျင်ရေးစာသားများအား အများပြည်သူသုံးလမ်းမကြီးများ၊ နိုင်ငံတော်ပိုင်နှင့်  အများပြည်သူပိုင် အဆောက်အဦများပေါ်တွင် ရေးသားခြင်း၊ ဆန့်ကျင်ရေးစာသားပါ ဗီနိုင်းစများ၊ ပိုစတာများ၊ စာရွက်များ အား ချိတ်ဆွဲခြင်း၊ လမ်းများပေါ်တွင် ဖြန့်ကြဲခြင်းတို့ဖြင့် နိုင်ငံတော်အတွင်း မတည်မငြိမ်ဖြစ်စေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နိုင်ငံတော်တည်ငြိမ်ရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် ဆူပူဆန္ဒပြမှုများနှင့် အကြမ်းဖက်မှု ဖြစ်စဉ်များအား ဥပဒေနှင့်အညီ ဖြိုခွဲထိန်းသိမ်းလျက်ရှိသကဲ့သို့ ဆန့်ကျင်စာ၊ လှုံ့ဆော်စာ၊ ရေးသား လှုံ့ဆော်ဖြန့်ဝေသူများကိုလည်း နိုင်ငံတော်တည်ငြိမ်ရေးအတွက် ရှေ့ရှု့ကာ ဥပဒေနှင့်အညီ ဖမ်းဆီး ထိန်းသိမ်းဆောင်ရွက်လျက်ရှိသည်။

             ထိုသို့ဆောင်ရွက်ခဲ့ရာ မေလ ၅ ရက်နေ့ နံနက် ၇ နာရီ ၂၀ မိနစ်အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်း ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် လှည့်ကင်းဆောင်ရွက်နေစဉ် သင်ပန်းကုန်းရပ်ကွက်၊ ၁၁၂−၁၁၃ လမ်းကြား၊ ၅၆ လမ်းအရောက်၌ အဆိုပါလမ်းပေါ်ရှိ အမှတ်(၂၀)အခြေခံပညာအလယ်တန်းကျောင်းရှေ့၌ ဆူပူသူ အမျိုးသား ၃ ဦးက နိုင်ငံတော်ဆန့်ကျင်ရေးစာသားများရေးသားထားသည့် စာရွက်များအား ကျောင်းဝင် ပေါက်တံခါးတွင် ကပ်နေသည်ကို တွေ့ရှိရ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးရာ အဆိုပါ အမျိုးသား ၃ ဦးအနက် သင်ပန်းကုန်းရပ်ကွက်နေ ထွန်းမျိုးအောင်(၁၉)နှစ်(ဘ)ဦးထွန်းထွန်းအား ဖမ်းဆီးရ မိခဲ့သည်။

             အထက်ပါဖြစ်စဉ်များမှ ဖမ်းဆီးရမိသူများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေးဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။