ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပခဲ့သော (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲတွင် ဆုတံဆိပ်များရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင် ပြည်ထဲရေးဝန်ကြီး ဌာနမှ အားကစားသမားများနှင့် နည်းပြများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ ရုံးအမှတ်(၈)ရှိ အရိန္ဒမာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ဒုတိယဝန်ကြီးများ၊ တပ်ဖွဲ့/ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ အရာရှိကြီးများ၊ ဆုရအားကစားသမားများနှင့် ပြိုင်ပွဲဝင် အားကစားသမားများ၊ နည်းပြများ၊ အုပ်ချုပ်သူများ၊ ဒိုင်လူကြီးများနှင့် တာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် က ဂုဏ်ပြုအမှာစကား ပြောကြား ရာတွင် အားကစားမြှင့်တင်ခြင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ခြင်း ဖြစ်သည်ဆိုသည့် ယုံကြည်ချက်၊ ခံယူချက်ဖြင့် အမျိုးသားအားကစားမြှင့်တင်ရေးကို အလေးထား ကြိုးပမ်းဆောင်ရွက် သွားကြရန်နှင့် နောင်လာမည့် ပြည်တွင်း/ပြည်ပပြိုင်ပွဲများတွင် ပြည်ထဲရေး ဝန်ကြီးဌာန ကိုယ်စားပြုပြီး ရွှေတံဆိပ်ဆုများ ယခုထက်ပိုမိုဆွတ်ခူးနိုင်သည့် နိုင်ငံ့ဂုဏ်ဆောင်၊ ပြည်ထဲရေး ဝန်ကြီးဌာနဂုဏ်ဆောင် အားကစားသမားများဖြစ်အောင် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက် သွားကြရန် တိုက်တွန်းမှာကြားခဲ့သည်။
အဆိုပါ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ပြည်ထဲရေး ဝန်ကြီးဌာန ကိုယ်စားပြု အားကစားသမား(၃၆)ဦး၊ နည်းပြများ၊ အုပ်ချုပ်သူများနှင့် ဒိုင်လူကြီးများ အပါအဝင် စုစုပေါင်း(၄၉)ဦးတို့မှ အားကစားနည်း(၉)မျိုးကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပိုက်ကျော်ခြင်း၊ ဗိုဗီနမ်၊ တိုက်ကွမ်ဒို၊ အမျိုးသမီးဘောလုံး၊ စစ်တုရင်၊ လက်ဝှေ့နှင့် ပြေးခုန်ပစ် အားကစား နည်း(၇)မျိုးတွင် အားကစားသမား(၁၈)ဦးက ရွှေတံဆိပ်(၇)ဆု၊ ငွေတံဆိပ်(၇)ဆု၊ ကြေးတံဆိပ် (၉)ဆု စုစုပေါင်း ဆုတံဆိပ်(၂၃)ဆုရယူပေးနိုင်ခဲ့သည်။
ထို့နောက် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့ သည့် နိုင်ငံ့ဂုဏ်ဆောင် ဆုရအားကစားသမားများ၊ နည်းပြများနှင့် အုပ်ချုပ်သူများကို ဂုဏ်ပြု မှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် က ပိုက်ကျော်ခြင်း၊ ဗိုဗီနမ်၊ တိုက်ကွမ်ဒို ပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆုရရှိခဲ့ကြသည့် အားကစားသမား(၇)ဦးနှင့် ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့သော အမျိုးသမီးဘောလုံးအသင်းမှ အားကစားသမား (၅)ဦးအားလည်းကောင်း၊ ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက် က ပိုက်ကျော်ခြင်း၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲများတွင် ငွေတံဆိပ်ဆုရရှိခဲ့ကြသည့် အားကစားသမား(၇)ဦးအားလည်းကောင်း၊ အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦး က ဗိုဗီနမ်၊ စစ်တုရင်၊ လက်ဝှေ့၊ ပြေးခုန်ပစ်၊ တိုက်ကွမ်ဒို ပြိုင်ပွဲများတွင် ကြေးတံဆိပ်ဆုရရှိခဲ့ကြသည့် အားကစားသမား (၈)ဦးအား လည်းကောင်း၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သန်း က ပြိုင်ပွဲဝင်အားကစားသမားများ၊ နည်းပြများ၊ အုပ်ချုပ်သူများနှင့် ဒိုင်လူကြီးများတို့အားလည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
ယင်းနောက် ပြိုင်ပွဲဝင်အားကစားသမား(၁)ဦးက ပြိုင်ပွဲအတွေ့အကြုံများနှင့် ကျေးဇူးတင် စကား ပြန်လည်ပြောကြားပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် နှင့် အဖွဲ့ဝင်များသည် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဆုတံဆိပ်များရရှိအောင် စွမ်းဆောင် နိုင်ခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင်၊ ပြည်ထဲရေးဝန်ကြီးဌာနဂုဏ်ဆောင် အားကစားသမားများနှင့် နည်းပြ များအား ဂုဏ်ပြုလက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံ၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲတီးဝိုင်းအဖွဲ့က ဂုဏ်ပြုတေးသီချင်းများနှင့် ဖျော်ဖြေခဲ့ကြပြီး နိုင်ငံ့ဂုဏ်ဆောင်နှင့် ပြည်ထဲရေးဝန်ကြီးဌာန ဂုဏ်ဆောင် အားကစားသမားများနှင့် နည်းပြများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိ သည်။