ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ် နှင့် အဖွဲ့ဝင်များ ဘူးသီးတောင်တပ်နယ် ရင်း/ဖွဲ့များရှိ မိသားစုဝင်များအား တွေ့ဆုံ၍ စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်၊ မုန်တိုင်းသင့်ပြည်သူများအား ဒံပေါက်ထမင်းဘူးများ

Sunday, June 4, 2023 - 15:15

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ် နှင့် အဖွဲ့ဝင်များ ဘူးသီးတောင်တပ်နယ် ရင်း/ဖွဲ့များရှိ မိသားစုဝင်များအား တွေ့ဆုံ၍ စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်၊ မုန်တိုင်းသင့်ပြည်သူများအား ဒံပေါက်ထမင်းဘူးများ ပေးဝေလှူဒါန်း

နေပြည်တော်၊ ဇွန် -  ၄

                 ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမိုးဇော်ထွန်း တို့သည် အဖွဲ့ဝင်များနှင့်အတူ ယနေ့တွင်   ဘူးသီးတောင်တပ်နယ်ရှိ မုန်တိုင်းသင့် နယ်မြေခံတပ်ရင်း/ တပ်ဖွဲ့များမှ အရာရှိ/ စစ်သည်/ မိသားစုဝင်များအား တပ်နယ်ခန်းမ၌ ရင်းရင်းနှီးနှီး တွေ့ဆုံအားပေး စကား ပြောကြားပြီး စားသောက်ဖွယ်ရာများ၊ လူသုံးကုန်ပစ္စည်းများ၊ ဒံပေါက်ထမင်းဘူး များနှင့် ထောက်ပံ့ငွေများပေးအပ်ပြီးနောက် နယ်မြေခံတပ်ရင်းများတွင် ဆောင်ရွက် ထားရှိသော မွေးမြူရေးလုပ်ငန်းများအား လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည် များအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

                 ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်နှင့် အဖွဲ့ဝင်များသည် ပြန်လည် ထူထောင် ရေးလုပ်ငန်းများနှင့် တည်ဆောက်ရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံ ဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံ တွေ့ဆုံနှုတ်ဆက်အားပေးစကား ပြောကြားပြီး SKY NET မိသားစု၊ (MLCA) အသင်းချုပ်၊ MLCP အများပိုင် ကုမ္ဗဏီလီမိတက်၊ မြန်မာ-အိန္ဒိယ-တရုတ် ချစ်ကြည်ရေး နှင့် စီးပွားဖွံ့ဖြိုးတိုးတက်ရေး အသင်း(MICA) နှင့် ဘာသာစုံမိတ်ဆွေများ၏ ရက် ၃၀ စတုဒိသာအလှူတော် အစီအစဉ်ဖြင့် ချက်ပြုတ်လှူဒါန်းသော ဒံပေါက်ထမင်း/ ဟင်းလျာ ဘူးများ ပေးအပ်ကြသည်။ ထို့အပြင် တာဝန်ရှိသူများက စစ်တွေမြို့နယ် ဘောဒူဖနှင့် နာရီကန်ကျေးရွာ၊ ဆင်ကူးလမ်း၊ အောင်မင်္ဂလာ၊ အုန်းတစ်ပင် ရပ်ကွက်များမှ မုန်တိုင်းသင့် ပြည်သူများအားလည်းကောင်း၊ ဗုဒ္ဓပြတိုက်နှင့်  ခိုင်သဇင် ပန်းခြံတို့တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေသော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် စေတနာ့ဝန်ထမ်းများအား ဒံပေါက်ထမင်း ဟင်းလျာဘူးများ လိုက်လံပေးဝေလှူဒါန်းကြကြောင်း သတင်းရရှိသည်။