တပ်မတော်အနေဖြင့် သဘာဝဘေးဒဏ်သင့်ဒေသများသို့ ကူညီကယ်ဆယ်ရေး အဖွဲ့များအား စုဖွဲ့စေလွှတ်၍ လိုအပ်သည့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင် ရွက်ပေးလျက်ရှိသည့်အပြင် တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများ၊ စေတနာရှင် အလှူရှင်များက လှူဒါန်းသည့် စားသောက်ဖွယ်ရာများ၊ ကူညီထောက်ပံ့ရေးပစ္စည်းများ၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့ပေးအပ် သည့် ပစ္စည်းများကိုလည်း တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များ၊ ရေယာဉ်များဖြင့် ကူညီပို့ဆောင်ပေးလျက်ရှိသည်။
ထိုသို့ပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် သဘာဝဘေးဒဏ်သင့်ဒေသများရှိ စာသင်ကျောင်းများအတွက် ကျောင်းစိမ်းဝတ်စုံများ၊ ကျောင်းစာအုပ်များ၊ ဗလာစာအုပ် များ၊ တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများ၊ စေတနာရှင် အလှူရှင်များက လှူဒါန်း သည့် ဘုန်းကြီးကျောင်းနှင့် သီလရှင်ကျောင်းများအတွက် လှူဖွယ်ပစ္စည်းများ၊ အခြေခံ စားကုန်ဟင်းသီးဟင်းရွက်များနှင့် ကယ်ဆယ်ရေးပစ္စည်း ၄.၃၆၄ တန်ကို တင်ဆောင်၍ ရန်ကုန်မြို့ရှိ မင်္ဂလာဒုံလေဆိပ်မှ စစ်တွေလေဆိပ်သို့ လည်းကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ပေးပို့သော စုစုပေါင်း ဆန် ၃၂၀ အိတ်၊ ၁၆ တန်ကို မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ကလေးလေဆိပ်သို့ လည်းကောင်း တပ်မတော်(လေ)ရှိ လေယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့သည်။
သဘာဝဘေးဒဏ်သင့်ဒေသများရှိ ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းများ ကို တပ်မတော်(လေ)ရှိ လေယာဉ်/ရဟတ်ယာဉ်များဖြင့် အချိန်နှင့်တစ်ပြေးညီ ပို့ဆောင် ပေးလျက်ရှိရာ ယနေ့အချိန်ထိ ထောက်ပံ့ရေးပစ္စည်း ၄၄၇.၂ တန်၊ ပြန်လည်ထူထောင် ရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေးကြမည့် တပ်မတော်သားများနှင့် ဌာနဆိုင်ရာ ဝန်ထမ်း ၃၀၉၇ ဦးတို့အား ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း၊ လေဆိပ်များသို့ ရောက်ရှိသည့် ကယ်ဆယ်ရေးပစ္စည်းများအား မုန်တိုင်းဒဏ်သင့်ဒေသများသို့ ရဟတ်ယာဉ်များဖြင့် ဆက်လက်ပေးပို့ဖြန့်ဖြူးလျက်ရှိကြောင်းနှင့် အဆိုပါ တပ်မတော်လေယာဉ်/ရဟတ်ယာဉ် များဖြင့် ပို့ဆောင်ပေးလျက်ရှိသော ပစ္စည်းများကို တာဝန်ရှိသူများက လက်ခံရယူပေးကြ ကြောင်း သတင်းရရှိသည်။