မြို့နယ်အချို့၌ပြည်သူလူထုမှလက်လုပ်သေနတ်များအားအုပ်ချုပ်ရေးတာဝန်ရှိသူများမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံလာရောက်အပ်နှံ နေပြည်တော်၊ မေ - ၅

Wednesday, May 5, 2021 - 13:00

 

             တိုင်းဒေသကြီး/ ပြည်နယ်များရှိမြို့နယ်အချို့၌ အေးချမ်းစွာနေထိုင်လိုသည့်ပြည်သူလူထုများမှ ၎င်းတို့၏ သဘောဆန္ဒအလျောက် ၎င်းတို့ထံတွင်ရှိသောလက်လုပ်သေနတ်များအားအုပ်ချုပ်ရေး တာဝန်ရှိသူ များမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လာရောက်အပ်နှံလျက်ရှိကြောင်း သိရှိရသည်။

             ထို့သို့အပ်နှံရာတွင်  မေလ ၄ ရက်နေ့တွင် နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့ နယ်၊ အုန်းပင်သာကျေးရွာမှ လက်လုပ်သေနတ် ၂ လက်အားလည်းကောင်း၊ တပ်ကုန်းမြို့နယ်၊ ဿံခဲတောင်ကျေးရွာမှ လက်လုပ်သေနတ် ၂ လက်၊ ဒူးလေး ၂ လက်၊ မြားတံ ၄ ချောင်းတို့အား လည်း ကောင်း၊    ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ အလယ်ရပ်ကွက်နှင့် မံရွတ်ကျေးရွာမှ တူမီးသေနတ် ၁ လက်၊ လက်လုပ်သေနတ် ၁ လက်တို့အားလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ အင်းတကော်မြို့၊ အမှတ်(၃)ရပ်ကွက်မှ လက်လုပ်သေနတ် ၁ လက်အားလည်းကောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်၊ နမ့်ပေါလုံကျေးရွာမှ လက်လုပ်သေနတ်အတို ၁ လက်အားလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်အတွင်းရှိ ရပ်ကွက်များမှ ဂျင်ကလိ ၈ ချောင်း၊  လေးခွ ၁ လက်နှင့် သံဒိုင်း ၁၂ ချပ်တို့အား လည်းကောင်း၊ တွံတေးမြို့နယ်၊ ခလုပ်ကျေးရွာမှ လက်လုပ်သေနတ် ၁ လက် အားလည်းကောင်း၊ ယနေ့တွင်လည်း မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ထန်းပင်ကုန်း ကျေးရွာအုပ်စုမှ လက်လုပ်သေနတ် ၁ လက်၊ သစ်သားဒူးလေး ၁၀ လက်၊ မြှားတံ ၁၂ ချောင်းနှင့် သံဘောစေ့ ၅၀ လုံးတို့အား ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူများမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လာ ရောက်အပ်နှံခဲ့ကြောင်း သိရသည်။

          ထိုကဲ့သို့ လက်နက်ကိုင်ဆောင်လိုခြင်းမရှိသည့် ပြည်သူလူထုမှ လာရောက်အပ်နှံသော လက်လုပ်သေနတ်၊ တူမီးသေနတ်၊ လေးခွ၊ ဂျင်ကလိနှင့် သံဒိုင်းများအားများအား လုံခြုံရေးတပ်ဖွဲ့ဝင် များမှ လက်ခံရယူခဲ့ပြီး စနစ်တကျသိမ်းဆည်းထားရှိကြောင်း သတင်းရရှိသည်။