ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၌ အကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုရန်အတွက် လက်လုပ် ချိန်ကိုက်မိုင်း စမ်းသပ်ပြုလုပ်ရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး NLD ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်ဟောင်းပါ အမျိုးသား ၅ ဦးသေဆုံး၊ ၁ ဦးဒဏ်ရာရ နေပြည်တော်၊ မေ ၄

Tuesday, May 4, 2021 - 17:45

 

               ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၌ မေလ ၃ ရက်နေ့တွင် အကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုရန်အတွက် လက်လုပ်ချိန်ကိုက်မိုင်း စမ်းသပ်ပြုလုပ်ရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး NLD ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်ဟောင်းအပါအဝင် အမျိုးသား ၅ ဦးသေဆုံး၊ ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

               ဖြစ်စဉ်မှာ မေလ ၃ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်တွင် ပြည်မြို့နယ် နတ္တလင်းကျေးရွာအုပ်စု ကမ္ဘီလာကျေးရွာနေ ဦးမောင်စယ် (၆၁)နှစ် (ဘ) ဦးမြမောင်၏ သံပုရာခြံအတွင်းတွင် ပြင်းထန်သည့် တုန်လှုပ်မှုနှင့် အသံကျယ်လောင်စွာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း အဆိုပါနေရာတစ်ဝိုက်ရှိ ပြည်သူ လူထုအချို့မှ လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ ဆက်သွယ်အသိပေးအကြောင်းကြားလာခဲ့သဖြင့် ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ သွားရောက် စိစစ်ခဲ့ရာ ပြည်မြို့နယ်၊ စံပြကျေးရွာနေ သက်ဝင်းလှိုင် (၃၅)နှစ် (ဘ)ဦးစိန်လှိုင် တိုင်း(၁) လွှတ်တော် ကိုယ်စားလှယ်ဟောင်း NLD ပါတီဝင်ဦးစီး၍ အမျိုးသား ၆ ဦးသည် ဆိုင်ကယ် ၃ စီးဖြင့် ၎င်းခြံဝင်းအတွင်းသို့ ညနေ ၅ နာရီဝန်းကျင်တွင် ရောက်ရှိလာခဲ့ပြီး ခဏအကြာ ပေါက်ကွဲသံ ပြင်းပြင်းထန်ထန် ကြားခဲ့ရခြင်းဖြစ်ကြောင်းနှင့် အဆိုပါပေါက်ကွဲမှုကြောင့် ပြည်မြို့နယ်၊ စံပြကျေးရွာနေ သက်ဝင်းလှိုင်(၃၅)နှစ် (ဘ)ဦးစိန်လှိုင် တိုင်း(၁) လွှတ်တော် ကိုယ်စားလှယ်ဟောင်း NLD ပါတီဝင်၊ ပြည်မြို့၊ ရွာဘဲရပ်ကွက်နေ အောင်မင်းဖြိုး (၂၃)နှစ် (ဘ)ဦးသိန်းဇော်၊ ပြည်သာယာ ရပ်ကွက်နေ အေးမင်းသိန်း(၂၂)နှစ် (ဘ)ဦးမြင့်အေးနှင့် ဟန်ဇော်ဌေး(၂၂)နှစ်(ဘ)ဦးဟန်ရှင် တို့ ၄ ဦးသည် အခင်းဖြစ်နေရာတွင် သေဆုံးကာ ကမ္ဘီလာ ကျေးရွာနေ ချစ်သဲ(၃၀)နှစ်(ဘ)ဦးလှကြိုင်နှင့် ရွာဘဲ ရပ်ကွက်နေ စည်သူအောင်(၃၀)နှစ်(ဘ) ဦးထွန်းရှိန်တို့ ၂ ဦးတွင် ဒဏ်ရာပြင်းထန်စွာ ရရှိထားသည်ကို တွေ့ရှိရသဖြင့် ၎င်းတို့ ၂ ဦးအား ဆေးဝါးကုသမှုခံယူနိုင်ရေး ပြည်မြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် ပေးစဉ် ချစ်သဲမှာ ပြင်းထန်စွာ ရရှိ ထားသောဒဏ်ရာများကြောင့် အဆိုပါနေ့ ညနေပိုင်းတွင် သေဆုံး သွားခဲ့သည်။

               ပေါက်ကွဲမှုဖြစ်ပွားသည့် နေရာတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက အသေးစိတ် စစ်ဆေးခဲ့ရာ အခင်းဖြစ်ပွားရာနေရာ၏ အနောက်ဘက် ပေ ၂၀ ခန့်အကွာ၌ ဝါယာကြိုးအား ကွိုင်ဖြင့် ဆက်သွယ်ထားပြီး တိတ်အပြာဖြင့် ပတ်ထားသည့် ဓာတ်ခဲ ၃ လုံး၊ Hello တံဆိပ်ပါ Keypad ဖုန်း ကာဗာ အကွဲ ၁ ခု၊ Vivo တံဆိပ်ပါ ဖုန်းကိုယ်ထည် စတီးပြား ၁ ခုနှင့် ဘတ္ထရီ ၁ ခု၊ ၃ လက်မခန့် ဓာတ်ခဲ အလွတ် ၁ လုံး၊ မူလီခေါင်း ဆိုဒ်စုံ ၅ ခု၊ ပျက်စီးနေသော Samsung အပြာရောင်ဖုန်း ၁ လုံးတို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်းနှင့်    ဖြစ်စဉ်နှင့်ပတ်သက်၍ အသေးစိတ်ဆက်လက် စစ်ဆေးလျက်ရှိ ကြောင်း သတင်းရရှိသည်။