နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ H.E. Mr.Sholban Kara-Ool ဦးဆောင်သည့်အဖွဲ့ဝင်များက ယနေ့ညနေပိုင်းတွင် တောင်ကြီး မြို့ရှိ ပင်လုံရိပ်သာ ဧည့်ခန်းမဆောင်၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံရာတွင် ယခုနှစ်သည် မြန်မာ-ရုရှား နှစ်နိုင်ငံ သံတမန်ဆက်ဆံမှု ၇၅ နှစ် ပြည့်မြောက်သည့်နှစ်ဖြစ်ပြီး ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုများကို ဆက်လက်တိုး မြှင့် ဆောင်ရွက်သွားနိုင်မည့် အခြေအနေများ၊ နှစ်နိုင်ငံ ကဏ္ဍပေါင်းစုံတွင် အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ မြန်မာနိုင်ငံ ၏ သယ်ယူပို့ဆောင်ရေးကဏ္ဍနှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးကဏ္ဍများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ သိပ္ပံနှင့် နည်းပညာရပ်ပိုင်းဆိုင်ရာ ပညာရပ်များအပါအဝင် လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုး တက်ရေးအတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ မြန်မာနိုင်ငံမှ ပညာတော်သင်များ စေလွှတ်လျက်ရှိသည့် အခြေအနေများ၊ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) "မိုခါ" (MOCHA) ဝင်ရောက်မှုကြောင့် သဘာဝဘေးဒဏ် သင့်ခဲ့ရသည့် ဒေသများအတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည့် အခြေအနေများ၊ နှစ်နိုင်ငံပြည်သူများအချင်းချင်း ထိတွေ့ဆက်ဆံမှု များ တိုးမြှင့်နိုင်ရေးအတွက် အပြန်အလှန်ခရီးသွားလာရေးကဏ္ဍကို မြှင့်တင် ဆောင်ရွက်သွားမည့် အခြေအနေများ၊ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား ဘက် ပေါင်းစုံတွင်ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားမည့် အခြေ အနေများ၊ မြန်မာနိုင်ငံရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့မှုနှင့် မြန်မာနိုင်ငံ၌ရွေးကောက်ပွဲကျင်းပချိန်တွင် လွှတ်လပ်၍တရားမျှတ သည့် ရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေး ရုရှားနိုင်ငံမှ ကူညီဆောင်ရွက် ပေးသွားမည့် အခြေအနေများနှင့်စပ်လျဉ်းပြီး ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အတူ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး နှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒူးမားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E.Mr. Nikolay LISTOPADOV နှင့် ဒူးမားလွှတ်တော်မှတာဝန်ရှိသူများ တက်ရောက်ကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ တို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြ ကြောင်း သတင်းရရှိသည်။