ရခိုင်ပြည်နယ်အတွင်းရှိ သဘာဝဘေးဒဏ်သင့် ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများအား တပ်မတော်(လေ)မှ လေယာဉ်များဖြင့် ဆက်လက်ပို့ဆောင် နေပြည်တော်၊ မေ - ၃၀

Tuesday, May 30, 2023 - 17:00

တပ်မတော်အနေဖြင့် သဘာဝဘေးဒဏ်သင့် ဒေသများသို့ ကူညီကယ်ဆယ်ရေး အဖွဲ့များ အားစုဖွဲ့စေလွှတ်၍ လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများ၊ စေတနာရှင် အလှူရှင်များက လှူဒါန်းသည့် စားသောက်ဖွယ်ရာများ၊ ကူညီ ထောက်ပံ့ရေး ပစ္စည်းများ၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီက ထောက်ပံ့ပေးအပ်သည့် ပစ္စည်းများကိုလည်း တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များ၊ ရေယာဉ်များဖြင့် ကူညီပို့ဆောင်ပေးလျက်ရှိသည်။

ထိုသို့ ပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စေတနာရှင်အလှူရှင်များက လှူဒါန်းသည့် လျှပ်စစ်ပစ္စည်းများ၊ ရေသန့်စက်များ၊ အဝတ်အထည်များနှင့် လူသုံးကုန်ပစ္စည်းများ၊  ကို တင်ဆောင်၍ နေပြည်တော်လေဆိပ်မှ စစ်တွေလေဆိပ်သို့ တပ်မတော် လေယာဉ်ဖြင့် ၁ ကြိမ် ပို့ဆောင်ပေးခဲ့သည်။

အလားတူ သဘာဝဘေးဒဏ်သင့်ဒေသများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်း များ ဆောင်ရွက်ပေးနိုင်ရေးအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ကူညီ ဆောင်ရွက်ပေးကြမည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဆေးပစ္စည်းများ၊ ဆက်သွယ်ရေးဆက်စပ်ပစ္စည်းများ၊ ကော်ဇောလိပ်များ၊ မိုးကာလိပ် များ၊ မီးစက်များ၊ ပြန်လည်တည်ဆောက်ရေးဆိုင်ရာပစ္စည်းများ၊ အသုံးအဆောင် ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများကို တင်ဆောင်၍ ရန်ကုန်မြို့ရှိ မင်္ဂလာဒုံ လေဆိပ်မှ စစ်တွေ လေဆိပ်သို့ တပ်မတော် လေယာဉ်ဖြင့် ၂ ကြိမ် ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ တပ်မတော်လေယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိသော ပစ္စည်းများကို တာဝန်ရှိသူများက လက်ခံရယူပေးကြကြောင်းနှင့် မုန်တိုင်းဒဏ်သင့်ပြည်သူများထံသို့ ဆက်လက်ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။