ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်မုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက   သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ နေပြည်တော်၊ မေ - ၂၉

Monday, May 29, 2023 - 15:45

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများကို သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများ အဖြစ်ကြေညာချက်များ ထုတ်ပြန်၍ ယင်းကြေညာချက်များပါ ဒေသ များတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။

ထိုသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခန့်အပ် တာဝန်ပေးအပ်ထားရှိရာ ယနေ့တွင် ကျောက်ဖြူမြို့သို့ ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီး လူအေး  သည် တာဝန်ရှိသူများနှင့်အတူ သောက်သုံးရေခက်ခဲ နေသာ ငလပွေ့ရပ်ကွက်သို့ သောက်သုံးရေများ ဖြန့်ဝေပေးခြင်း၊ စေတီယျရပ်ကွက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ စားသောက်ဖွယ်ရာများနှင့် သောက်သုံးရေများ ဖြန့်ဝေပေးခြင်း၊ ပြန်လည်ထူထောင် ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပညာရေးဌာနမှ ဆရာ၊ ဆရာမများအား မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၌ တွေ့ဆုံ၍ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင် ရွက်ပေးခဲ့သည်။

အလားတူ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်သို့ ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း သည် တာဝန်ရှိသူများနှင့်အတူ မြို့နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုခန်းမ၌ ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်စု(၈၄)အုပ်စုမှ အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံခြင်း၊ ကယ်ဆယ်ရေးပစ္စည်းများ  ထောက်ပံ့ပေးပြီး တင်ပြချက်များအပေါ် လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးခြင်းများကို ဆောင်ရွက် ခဲ့သည်။

ထို့အတူ သံတွဲမြို့သို့ ရောက်ရှိနေသော ဗိုလ်ချုပ် စိုးနိုင်ဦး သည် တာဝန်ရှိသူများနှင့်အတူ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘက်စုံထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြု လက်ဆောင်များ ချီးမြှင့်ပေးခြင်း၊ အခြေခံပညာကျောင်းအသီးသီးမှ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးစာအုပ်နှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့သည်။ ၎င်းနောက် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေး ခန်းမတွင်လည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ခြင်း အစည်းအဝေး ကို တက်ရောက်ခဲ့ပြီး တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ခဲ့  သည်။

အလားတူ မြေပုံမြို့သို့ ရောက်ရှိနေသော ဗိုလ်မှူးချုပ် ကျော်ကျော်စိုး သည် တာဝန်ရှိသူများနှင့်အတူ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များနှင့်အတူ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှု စာရင်းဇယားများ မှန်ကန်စေရေး ပေါင်းစပ်ညှိ နှိုင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။