စစ်‌တွေမြို့ရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအား ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များနှင့် စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချ နေပြည်တော်၊ မေ - ၂၉

Monday, May 29, 2023 - 15:45

ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ သည့် စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၏ စားသောက်ရေးအဆင်ပြေစေရန်နှင့် မိမိတို့အလိုရှိရာ စားသောက် ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများနှင့် တာဝန်ရှိသူများက ယနေ့တွင် စစ်တွေမြို့၊ ဦးဥတ္တမပန်းခြံ၌ ဟင်းသီးဟင်းရွက်များ၊ ဆန်၊ ဆီ၊ ဆား၊ အသား၊ ငါး၊ ကြက်ဉ၊ ဘဲဉ၊ နို့ထွက်ပစ္စည်းများ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် ခေါက်ဆွဲခြောက်၊ ဘီစကစ်နှင့် စည်သွပ် ဘူးများဖြစ်သည့် အမဲသားဘူး၊ မျှစ်စားတော်ပဲဘူး၊ ကြက်သားအာလူးဘူး၊ ငါးတန် အချိုပေါင်းဘူး၊ ငါးသလောက်ဘူး၊ ငါးပိကြော်ဘူး၊ ပဲထောပတ်ဘူး၊ ပဲခရမ်းဘူး၊ သရက်သီးသနပ်ဘူး စသည့် စားသောက်ကုန်ပစ္စည်းများကို ပြင်ပပေါက်ဈေးထက် သက်သာဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ရာ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်း မိသားစုများက တစ်ခဲနက်ဝယ်ယူခဲ့ကြကြောင်းနှင့် ယခုကဲ့သို့ စာရေးအခက် အခဲဖြစ်ပေါ်နေချိန်တွင် သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးမှုအ‌ပေါ်  တာဝန် ရှိသူများအား အထူးပင်ကျေးဇူးတင်ရှိကြောင်း ပြောကြားကြသည်။

ယင်းသို့‌ ဆောင်ရွက်ပေးနေမှုများကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။