ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ သဘာဝဘေးပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ စစ်တွေ  မေ   ၂၅

Friday, May 26, 2023 - 06:15

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ နယ်စပ် ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ပြည် နယ်ဝန်ကြီးချုပ် ဦးထိန်လင်းတို့သည် ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ရုံး၌ ကျင်းပသည့် သဘာဝဘေးပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်း အဝေးသို့ တက်ရောက်ကြသည်။ 

          အစည်းအဝေးတွင် ကော်မတီအလိုက် တာဝန်ရှိသူများက ကူညီကယ်ဆယ် ထောက်ပံ့ရေးပစ္စည်းများ နှင့် တည်ဆောက်ရေးပစ္စည်းများ ရောက်ရှိသည့် အခြေအနေ နှင့် ဖြန့်ခွဲရန် စီစဉ် ထားမှု၊ မုန်တိုင်းဒဏ်သင့် ဒေသများ၌ စက်ယာဉ်ယန္တရားများ ဖြန့်ခွဲ၍ လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေ၊ စက်သုံးဆီဈေး နှုန်း မကြီးမြင့်စေရေး ဆောင်ရွက် နေမှု အခြေအနေ၊ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့များဖြင့် မုန်တိုင်းဒဏ်သင့် ဒေသရှိ ပြည်သူ များ အား ကျန်းမာရေးစောင့်ရှောက်မှု ပေးနေမှု အခြေ အနေနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်း များ ဆောင်ရွက်နိုင်ရန် အလှူငွေများ လက်ခံ ရရှိမှု အခြေအနေ တို့ကို ရှင်းလင်း တင်ပြကြသည်။

           ရှင်းလင်းတင်ပြချက်များအပေါ် ဗိုလ်ချုပ်ကြီးတင်အောင်စန်း က ကယ်ဆယ်ရေး နှင့်ပြန်လည်ထူထောင် ရေးပစ္စည်းများ သယ်ဆောင်လာသည့် သင်္ဘောများထပ်မံရောက်ရှိ လာသဖြင့် ပစ္စည်းများလျင်မြန်စွာ ချနိုင်ရေးလိုအပ်သည်များကို ကြိုတင်ပြင်ဆင် ဆောင် ရွက်ထားရန်နှင့်  ရောက်ရှိလာသည့် ကူညီကယ်ဆယ်ရေး နှင့် ပြန်လည်ထူ ထောင်ရေး ပစ္စည်းများကို စနစ်တကျ စီမံခန့်ခွဲ၍ လိုအပ်သည့်ဒေသများသို့ အမြန်ဆုံးပေးပို့နိုင်ရေး ဆွေးနွေး မှာကြားသည်။

ယင်းနောက် ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် အဖွဲ့သည် စစ်တွေမြို့ ဘက်စုံသုံး ဆိပ်ကမ်း နှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဖောင်တော်ကြီးဆိပ်ခံတံတားများသို့ သွား ရောက်၍ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးပစ္စည်းများ သယ် ဆောင်ဆိုက် ကပ်ထားသည့် Sun Shine ၊ For Tune နှင့် ခိုင်ရာဇာ သင်္ဘော တို့မှ  ပစ္စည်းများကို လူအင်အား၊ စက်ယန္တရားအင်အားတို့ဖြင့် ဖြန့်ခွဲပို့ဆောင်မည့် ရေယာဉ်/ မော်တော်ယာဉ် များပေါ်သို့ တင်ဆောင်နေမှုကို ကြည့်ရှုစစ်ဆေးပြီး အဆိုပါ ဆိပ်ကမ်းတွင် လုပ်အားပေး ဆောင်ရွက်နေကြသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များကို အားပေးစကားပြောကြားသည်။

ရခိုင်ပြည်နယ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၏ ကွပ်ကဲမှုဖြင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနသည် ရခိုင်ပြည်နယ်အတွင်း မုန်တိုင်း ဒဏ်ခံခဲ့ရသည့် မြို့နယ်များသို့ ရွှေ့လျားရေသန့်စင်ကားများပေးပို့၍ ဒေသခံပြည်သူလူ ထုအတွက် သန့်ရှင်းသောသောက်သုံးရေများ ဖြန့်ဝေပေးလျက်ရှိရာ စစ်တွေမြို့ပေါ် ရပ်ကွက်များနှင့် ပတ်ဝန်းကျင်ကျေးရွာများသို့ ဖြန့်ဝေရန် ရေသန့်စင်ကား(၂)စီး၊ ရသေ့ တောင်မြို့နယ်အတွက် ရေသန့်စင်ကား(၂)စီး၊ မင်းပြားမြို့နယ်အတွက် ရေသန့်စင်ကား (၁)စီး စုစုပေါင်း ရေသန့်စင်ကား (၅)စီးဖြင့် မြို့နယ်(၃)မြို့နယ်အတွင်း နေ့စဉ်သန့်ရှင်း သောသောက်သုံးရေဂါလ (၂၅၀၀၀) ကို ဖြန့်ဝေပေးလျက်ရှိသည်။

ထို့ပြင် Lite Straw (ရေနောက်မှ ရေကြည်ရအောင်သန့်စင်ပေးသောစက်) အလုံး (၅၀)အား စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဉီးနှင့် ရသေ့တောင်မြို့နယ်များသို့ ဖြန့်ဝေပေးပို့ထားပြီး ထပ်မံ၍လည်း အဆိုပါ မြို့နယ်များ အတွက် အလုံး(၁၆၀)ထပ်မံဖြန့်ဝေပေးသွားမည်ဖြစ်သည်။ ရခိုင်ပြည်နယ်မြို့နယ်များ အတွင်း ကျေးရွာအချို့၌ မြေသားရေစုကန်များမှ ကန်ရေများကို အသုံးပြုနေရသဖြင့် သန့်ရှင်းသော သောက်သုံးရေ ရရှိစေရေးအတွက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနသည် ဆိုလာစနစ်အသုံးပြုထားသည့် ရွှေ့လျားရေသန့်စင်စက်များဖြင့် သန့်စင်ဖြန့်ဝေပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည်။

ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားအနေဖြင့် ဆိုင်ကလုန်း မုန်တိုင်း (မိုခါ) ဖြတ်သန်း တိုက်ခတ်မှုကြောင့် စစ်တွေမြို့ရှိ မြန်မာ့အသံ နှင့်ရုပ်မြင် သံကြား ထပ်ဆင့်လွှင့်စက်ရုံရှိ မီတာ (၁၀၀)တာဝါတိုင် ပြိုကျပျက်စီးခဲ့ရာ   မြန်မာ့အသံ နှင့်ရုပ်မြင်သံကြား နေပြည်တော် (ရုံးချုပ်)မှ အင်ဂျင်နီယာချုပ် ဦးဆောင်သည့် အဖွဲ့ သည် ရခိုင်ပြည်နယ်အတွင်း ရုပ်မြင်သံကြား အစီအစဉ်များ ရေဒီယိုလိုင်းနှင့် FM အစီအစဉ်များ အမြန်ဆုံး ပြန်လည် ထုတ်လွှင့်နိုင်ရေးအတွက် စစ်တွေမြို့တွင် အခြေ ပြု၍ ပြင်ဆင်ရေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိ သည်။ ထို့ပြင် စစ်တွေ ထပ်ဆင့်လွှင့်စက်ရုံ၏  မီတာ ၁၀၀ တာဝါတိုင်အသစ် ပြန်လည် တည်ဆောက်ခြင်း လုပ်ငန်း မစတင်မီ မီတာ ၃၀ တာဝါတိုင်ဖြင့် အစားထိုး ဆောင်ရွက် ရန်  စီစဉ်လျက်ရှိရာ ယခုအခါ  မီတာ ၃၀ တာဝါတိုင်အတွက် အုတ်မြစ်တည်ဆောက်ခြင်း လုပ်ငန်းနှင့် တပ် ဆင်မည့် တာဝါတိုင်များ ဆေးသုတ်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပြီ ဖြစ်သည်။ အဆိုပါ မီတာ ၃၀ တာဝါတိုင် တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီး ပါက ဇွန်လဆန်းပိုင်းမှ စတင်ပြီး DVB T2 300W လွှင့်စက်နှင့် FM 300W လွှင့်စက်များ အသုံးပြုကာ ရုပ်သံနှင့်ရေဒီယို အစီအစဉ်များကို မူလအတိုင်း ပြန်လည်ထုတ်လွှင့်နိုင် တော့မည်ဖြစ် ကြောင်းသိရသည်။

          လျှပ်စစ်ပိုင်းဆိုင်ရာနှင့် ပတ်သက်၍ မေ ၂၅ ရက်မှစတင်ကာ စစ်တွေမြို့ ကားကြီးဝန်း-မီးစက်ကြီးအဝိုင်း၊ မီးစက်ကြီးအဝိုင်း-နာရီစင်၊ နာရီစင်- ဘီလူးမတံတား၊ ဘီလူးမတံတား-ဆတ်ရိုးကျတံတား လမ်းတစ်လျှောက်တွင် ည ၇ နာရီမှ ၁၀ နာရီအထိ လမ်းမီးများထွန်းညှိ သွားမည်ဖြစ်ကြောင်း နှင့် ပြည်သူများ၏ ဖုန်းများ၊ လျှပ်စစ် မီးလုံးများနှင့် အခြားဘထ္တရီ အားသွင်း လျှပ်စစ်ပစ္စည်းများ အသုံးပြုနိုင်ရန်အတွက် Charging Point နေရာများဖြစ်သော ကားကြီးဝန်း၊ မီးစက်ကြီးအဝိုင်း၊ အစိုးရအဖွဲ့ရုံးရှေ့၊ ယဉ်ကျေးမှုပြတိုက်နှင့် ဘီးလူးမ တံတား ထိပ် စသည့်နေရာများတွင် စီစဉ်ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။