မြို့နယ်အချို့၌ ဆူပူအကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများအား လက်ဝယ်ထားရှိသူများနှင့်အတူ ဆက်လက်ဖော်ထုတ်ဖမ်းဆီး နေပြည်တော်၊ မေ ၄

Tuesday, May 4, 2021 - 14:30

 

               လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဆူပူအကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုသည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများအား ပြုလုပ်သူ၊ လက်ဝယ်ထားရှိသူများအား ဆက်လက်ဖော်ထုတ် ဖမ်းဆီးလျက်ရှိသည်။

               ထိုသို့ဆောင်ရွက်ခဲ့ရာ မေလ ၃ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်တွင် မန္တလေးတိုင်း ဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်ဦးလွင်-လားရှိုးကားလမ်း မိုင်တိုင်အမှတ် ၄၇ မိုင်နှင့် ၄၈ မိုင်ကြား ရှိ စစ်ဆေးရေးဂိတ်၌ သီပေါမြို့ဘက်မှ မန္တလေးမြို့ဘက်သို့ မောင်းနှင်လာသော “ရီရှင်း” ခရီးသည်တင်မှန်လုံယာဉ်ပေါ်တွင် တင်ဆောင်လာသည့် အထုပ်အတွင်းမှ လေးကိုင်း ၄ ခုနှင့် မြှားတံ ၂၄၀ ချောင်းတို့အား လည်းကောင်း၊ မွန်းလွဲ ၂ နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး၊ ထီးလင်း မြို့နယ်၊ ထီးလင်း-ဂန့်ဂေါကားလမ်း မိုင်တိုင်အမှတ် ၁၃၃ မိုင် ၆ ဖာလုံ နှင့် ၇ ဖာလုံကြား၌ နှောင်းဝင်း(ဘ)ဦးညိုလှ နှင့် နိုင်ဝင်း(ဘ)ဦးသာညွန့် တို့ ၂ ဦးအား  တူမီးသေနတ် ၂ လက်နှင့် ဆက်စပ်ပစ္စည်းများဖြင့်  လည်းကောင်း၊  တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ သဘွတ်ကျေးရွာ ရှိ ဦးမျိုးဝင်း(ဘ)ဦးစောတင် အား လက်လုပ်သေနတ် ၂ လက်၊ ဓားမျိုးစုံ ၃၇ ချောင်း၊ ဆက်စပ်ပစ္စည်း များနှင့်လည်းကောင်း၊ ည ၆ နာရီ ၂၀ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပ မြို့နယ်၊ (၁၁)ရပ်ကွက်၊ အမှတ်(၂၂၈/ခ) မြေညီထပ်ရှိ SU & CO Luxury Boutique Café ဆိုင်အတွင်းမှ ဓာတ်ငွေ့ကာမျက်မှန် ၄၄ ခုအား လည်းကောင်း၊ ည ၁၁ နာရီ ၅၀ မိနစ်ခန့်တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပုပ္ဗသီရိမြို့နယ်၊ ဝဏ္ဏဒီပရပ်ကွက်၊ သရက်ချောင်းဆည်အနီး၌ ဦးခင်မောင်မြင့်(ဘ)ဦးအောင်ဇော်၊ ဦးညီတင်(ဘ)ဦးထွန်းတင် နှင့် ဦးကျော်သူ(ဘ)ဦးဘိုပြားတို့အား လက်လုပ်သေနတ် ၇ လက်၊ ဆက်စပ်ပစ္စည်းများနှင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ၃၅ လမ်း၊ ၈၅ နှင့် ၈၆ လမ်းကြား မြတောင်ကျောင်းတိုက်အတွင်းရှိ ရတနာပုံရွှေကျောင်းအတွင်းမှ လက်လုပ်ဒိုင်း ၁၂၀ ချပ်၊ အခြားစာရွက်စာတမ်းများနှင့် ဆူပူအကြမ်း ဖက်ရာတွင်အသုံးပြုသည့် ပစ္စည်းများနှင့်လည်းကောင်း၊ ယနေ့နံနက် ၃ နာရီခွဲအချိန်တွင် ပဲခူးတိုင်း ဒေသကြီး၊ ရေတာရှည်မြို့နယ်၊ မြို့လှမြို့၊ ဂွေးသဲကျေးရွာ ကျွန်းစိုက်ခင်း အတွင်းရှိ အောင်တေဇ (၄၅)နှစ် (ဘ) ဦးသန်းထွန်း ၏ နေအိမ်မှ ၎င်းနှင့်အတူ အမျိုးသား ၆ ဦးတို့အား လက်လုပ်သေနတ် ၄ လက်၊ ဓားမျိုးစုံ ၅ ချောင်း၊ ပြောက်ကျားဝတ်စုံ ၂ စုံ၊ ငွေစက္ကူရောရာ ၈၄ သိန်းကျပ်နှင့် အခြားဆက်စပ်ပစ္စည်းများဖြင့်လည်းကောင်း၊ နံနက် ၈ နာရီခွဲအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ (က+ခ) ရပ်ကွက်၊ ဘုရင့်နောင် လမ်းမကြီး(ခ-၄)လမ်းထိပ်ရှိ အမှိုက်ကန်အတွင်းမှ လက်လုပ်သေနတ် ၂ လက်၊ ဂက်စ်ဘူး ၂ ဘူး၊ ကော်ပိုက် ၂ ချောင်းတို့အား လည်းကောင်း၊  မကွေးတိုင်းဒေသကြီး၊ ထီးလင်းမြို့နယ်၊ ပဇဉ်းခေါင်းကျေးရွာလမ်းဘေးမှ တူမီးသေနတ် ၁ လက်၊    ဝက်သက်ကျေးရွာမြောက်ဘက် ထီးလင်း-ဂန့်ဂေါသွားလမ်း၊ ၃ ထပ်ကွေ့ မိုင်တိုင် အမှတ် ၁၀၅ မိုင် ၂ ဖာလုံရှိ ရေထုတ်ပြွန် တံတားပေါ်၌ တံတားဖောက်ခွဲရန် တပ်ဆင်ထားသည့် လက်လုပ်မိုင်း ၁ လုံးအား လည်းကောင်း အသီးသီးတွေ့ရှိရသဖြင့် သိမ်းဆည်းခဲ့ကြောင်း သိရသည်။

                        အထက်ပါဖြစ်စဉ်များမှ ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာ များအား လက်ဝယ်ထားရှိသူများနှင့် သိုဝှက်သိမ်းဆည်းထားရှိသူများအား ဥပဒေနှင့်အညီ အရေးယူ နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။