ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်မုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက   သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ နေပြည်တော်၊ မေ - ၂၂

Monday, May 22, 2023 - 18:15

ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်မုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက   သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ

နေပြည်တော်၊ မေ - ၂၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများကို သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများ အဖြစ်ကြေညာချက်များ ထုတ်ပြန်၍ ယင်းကြေညာချက်များပါ ဒေသ များတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။

ထိုသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခန့်အပ် တာဝန်ပေးအပ်ထားရှိရာ ယနေ့တွင်  ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်သို့ ရောက် ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး လူအေး သည် တာဝန်ရှိသူများနှင့်အတူ ဆိုင်ကလုန်းမုန်တိုင်း မိုခါတိုက်ခတ်မှု ကြောင့် ထိခိုက်ပျက်စီးမှုများရှိသည့် စာသင်ကျောင်းများနှင့် ဘုန်းတော်ကြီး ကျောင်းများ ပြန်လည်ထူထောင်ရေး လုပ်ငန်းဆောင်ရွက်နေမှုအား သွားရောက် လှည့်လည် ကြည့်ရှုစစ်ဆေးပြီး ကုလားဘာတောင်ရပ်ကွက်ရှိ သိမ်တောင် ကျောင်းတိုက်သို့ ရောက်ရှိကာ နယ်လှည့်ဆေးကုသခြင်းနှင့် မိုခါမုန်တိုင်းလေပြင်း ဒဏ်ခံစားခဲ့ရသော ပြည်သူများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုစစ်ဆေး၍ ဆေးကုသမှုလာရောက်ခံယူနေကြသည့် ပြည်သူများကို အားပေးစကားများ ပြောကြားပြီး စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့သည်။

အလားတူ မုန်တိုင်းဒဏ်ကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အတွက် ဟားခါးမြို့သို့ ရောက်ရှိနေသော ကာကွယ်ရေး ဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယနေ့မွန်းလွဲပိုင်းတွင် ဟားခါးမြို့ပေါ်ရှိ ဇေတဝန်ဘုန်းတော်ကြီးကျောင်း၊ မြို့မဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်းနှင့် သာသနာ့ရက္ခိတ တပ်ဦးကျောင်းတို့၌ လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းပြီး ကျန်းမာရေးနှင့် အခြားလိုအပ်ချက် များအပေါ်တွင် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထို့အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခန့်အပ် တာဝန်ပေးအပ်ထားရှိရာ ယနေ့တွင်   ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်သို့ ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ် စိုးနိုင်ဦး သည် တာဝန်ရှိသူများနှင့်အတူ သံတွဲမြို့နယ်၊ ဆင်ခေါင်းကျေးရွာအုပ်စုရှိ လေဘေးသင့် အိမ်ထောင်စုများအား အိမ်ဆောက်ပစ္စည်းဖိုးနှင့်ဆန်ရိက္ခာများထောက်ပံ့ပေးအပ်ပြီး သာသနိက အဆောက်အအုံများနှင့် စာသင်ကျောင်များပျက်စီးဆုံးရှုံးမှု အခြေအနေ များကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လေဘေးသင့်ပြည်သူများအား တွေ့ဆုံ အားပေးစကား ပြောကြားခဲ့သည်။

အလားတူ သံတွဲမြို့နယ်ရှိ သာသနိကအဆောက်အဦများ ပျက်စီးခဲ့မှုများ၊ သောက်သုံး ရေကန်များ သိုလှောင်ထားရှိမှုအခြေအနေများ၊ လူနေအဆောက်အဦ များ ပျက်စီး ဆုံးရှုံးခဲ့သည့်အခြေအနေများကို လိုက်လံကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ ငပလီမြို့၊ ဂျိတ္တောရပ်ကွက်၊ မဒေးတောင်ရှိ အလိုတော်ပြည့်ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ ကျောင်းထိုင်ဆရာတော် အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

 

ထို့အတူ မြောက်ဦးမြို့နယ်အတွင်း ရောက်ရှိနေသော ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ် သောင်းထိုက်ရွှေ သည် တာဝန်ရှိသူများနှင့်အတူ  မြောက်ဦးမြို့နယ်အတွင်း မုန်တိုင်းဒဏ်ကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် စာသင်ကျောင်းများသို့ သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး နန်းတော်ရာကုန်းဘေး လမ်းမီးတိုင်များ ကျိုးကျပျက်စီးမှု အခြေအနေနှင့် လမ်းမီးတိုင်များ ပြန်လည်အသစ်တပ်ဆင်မှုများကို ကွင်းဆင်း ကြည့်ရှု စစ်ဆေးကာ မြောက်ဦးမြို့နယ်အတွင်း ကျိုးကျပျက်စီးသွားသော လမ်းမီး တိုင်များကိုအမြန်ဆုံး ပြန်လည်အသစ်တပ်ဆင်နိုင်ရေး တာဝန်ရှိသူများကို မှာကြား ခဲ့သည်။

အလားတူ မြေပုံမြို့နယ်သို့  ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဗိုလ်မှူးချုပ် ကျော်ကျော်စိုး သည် တာဝန်ရှိသူများနှင့်အတူ မြို့ပေါ် ရပ်ကွက်များအတွင်း၌ လေဘေးခိုလှုံရာစခန်းဖွင့်လှစ်ခဲ့သော ဘုန်းတော်ကြီး ကျောင်းသို့သွားရောက်ပြီး ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်များ လှူဒါန်းခြင်းနှင့် အခြေခံပညာအထက်တန်းကျောင်း(မြေပုံ)၌ ကျောင်းဖွင့်ရာသီအချိန်မီ ကျောင်းဖွင့် လှစ်နိုင်ရေးအတွက် “ကျောင်းနှင့် ဝန်းကျင်သန့်ရှင်းရေး” စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းတို့ကို သွားရောက်ကြည့်ရှုခဲ့သည်။

ထို့အတူ မာန်အောင်မြို့နယ်သို့  ရောက်ရှိနေသော ကာကွယ်ရေးဦးစီး ချုပ်ရုံး (ကြည်း)မှ ဗိုလ်မှူးချုပ် ကျော်ကျော်ဦး သည် တာဝန်ရှိသူများနှင့်အတူ  မာန်အောင်မြို့နယ်အတွင်း မုန်တိုင်းဒဏ်ကြောင့်ပျက်စီးခဲ့သော စာသင်ကျောင်း များအား ကြည့်ရှုစစ်ဆေးပြီး ရပ်မိရပ်ဖများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံကာ ကျောင်းများအား ကျောင်းဖွင့်အမီ အမြန်ဆုံး ပြန်လည်ပြုပြင်နိုင်ရေး ညှိနှိုင်းဆွေးနွေးကြပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။