မြန်မာနိုင်ငံရှိ မိုခါ မုန်တိုင်းဘေးသင့် ပြည်သူများထံသို့ အာဆီယံနိုင်ငံများမှ ပေးပို့သည့် အကူအညီပစ္စည်းများဒုတိယအသုတ် လွှဲပြောင်းလက်ခံ ရန်ကုန် မေ ၂၂

Monday, May 22, 2023 - 18:00

မိုခါမုန်တိုင်းဒဏ်သင့် မြန်မာပြည်သူများထံသို့ အာဆီယံနိုင်ငံများမှ ပေးပို့ သည့် စုစုပေါင်းအမေရိကန်ဒေါ်လာ ခန့်မှန်း၆၀၀၀၀ကျော် တန်ဖိုးရှိ အရေးပေါ် အကူအညီပစ္စည်းများ  တန်ချိန်စုစုပေါင်း ၁၅၅၅၀ Kgကျော်ကို သယ်ဆောင်လာ သည့် စင်ကာပူလေတပ်မှ C-130 နှစ်စီး လေယာဉ်တို့သည် ယနေ့မွန်းလွဲပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိသည်။

ယခု ဒုတိယအသုတ်အဖြစ် ရောက်ရှိလာသည့် အကူအညီပစ္စည်းများကို သဘာဝဘေးဆိုင်ရာ လူသားချင်းစာနာမှုအကူအညီများအတွက် အာဆီယံညှိနှိုင်း ရေးဌာန(AHACenter) တာဝန်ရှိသူများ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာနမှ တာဝန်ရှိသူများထံ လွဲပြောင်း ပေးအပ်ခဲ့ပြီး၊ မုန်တိုင်းဒဏ်သင့်ဒေသများရှိ ပြည်သူများထံသို့ ဆက်လက်ပေးပို့ နိုင်ရေး လွှဲပြောင်းပေးအပ်သွားမည်ဖြစ်သည်။

လာမည့် ရက်များတွင်လည်း အာဆီယံနိုင်ငံများ၏ သဘာဝဘေးကူညီရေး ပစ္စည်းများ ဆက်လက်ရောက်ရှိလာနိုင်ရန်ရှိပြီး ပထမအသုတ်နှင့် ယခုဒုတိယ အသုတ်အပါအဝင် အကူအညီ စုစုပေါင်း၏တန်ဖိုးမှာအမေရိကန်ဒေါ်လာ ၁.၆၅ သန်းခန့်ရှိမည်ဟုသိရှိရသည်။ အဆိုပါပစ္စည်းများကို အာဆီယံ အရေးပေါ် ထောက်ပံ့မှုအစီအစဉ် (Disaster Emergency Logistics System)၏ မလေးရှား နိုင်ငံ ဆူဘန်းမြို့နှင့် ထိုင်းနိုင်ငံ ချိုင်နတ်မြို့တို့ရှိ ဂိုဒေါင်များမှတစ်ဆင့် ထိုင်း၊ စင်ကာပူ၊ အင်ဒိုနီးရှားတပ်မတော်လေယာဉ်များဖြင့်စုစုပေါင်း ၁၉ ခေါက်ခန့် ကူညီ သယ်ယူ ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

အာဆီယံ၏ One ASEAN, One Response မူအရ အာဆီယံနိုင်ငံများမှ မုန်တိုင်းဒဏ်သင့် ပြည်သူများထံ ပေးအပ်လှူဒါန်းထောက်ပံ့ခြင်းဖြစ်ပြီး၊ နိုင်ငံတော် အစိုးရအနေဖြင့် ကယ်ဆယ်ရေးနှင့် အကူအညီများ ပံ့ပိုးရာတွင် ဘေးသင့်ပြည်သူ တစ်ဉီးတစ်ယောက်မျှ မကျန်ရှိစေရေးမူကို လက်ကိုင်ထား၍ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန၏ ကြီးကြပ်မှုနှင့် တိုင်း​ဒေသကြီးနှင့် ပြည်နယ်အစိုးရများ၊ ဝန်ကြီးဌာနအသီးသီးနှင့် အချိန်နှင့်တစ်ပြေးညီ ပူးပေါင်း ညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး၊ AHA Centre၊ သက်ဆိုင်ရာ နိုင်ငံတကာအဖွဲ့ အစည်းများနှင့်လည်း အပြည့်အဝ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။