နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ညောင်နှစ်ပင်ကျေးရွာအနီးရှိ Korea-Myanmar Industrial Complex(KMC)လုပ်ငန်းဆောင်ရွက်နေမှုနှင့် အမျိုးသားညီလာခံပြည်ထောင်စုခန်းမ အဆောက်အဦများ ပြုပြင်ထိန်းသိမ်းထားရှိမှုကို သွားရောက်ကြည့်ရှုစစ်ဆေး
နေပြည်တော်၊ မေ - ၂၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ညောင်နှစ်ပင် ကျေးရွာ အနီးရှိ Korea- Myanmar Industrial Complex(KMIC) စီမံကိန်း ဆောင်ရွက်ရန်လျာ ထားမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က Korea- Myanmar Industrial Complex(KMIC) စီမံကိန်းအားအပိုင်းလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ ဝန်ထမ်းအိမ်ယာများနှင့် အဆောက်အဦများတည်ဆောက်ရန်နှင့် လမ်းများဖောက်လုပ်ရန်လျာထားမှု၊ လျှပ်စစ်ဓာတ်အားနှင့် ရေရရှိရေးဆောင်ရွက်ထားရှိမှု၊ စက်မှုဇုန်စီမံကိန်း၏ မြေအသုံးချမှုဆိုင်ရာကိစ္စရပ်များ၊ စီမံကိန်းဦးဆောင်အဖွဲ့ ဖွဲ့စည်း ထား ရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က စက်ရုံလုပ်သားများ နေထိုင်ရန်အတွက် အဆောက်အဦများကို စနစ်တကျ ဖြင့် နေရာရွေးချယ်တည်ဆောက်ရန်လိုကြောင်း၊ ရေရရှိရေးအတွက်ဆောင်ရွက်ရာတွင် ရေလုံလောက်စွာရရှိရေး စနစ်တကျစီမံဆောင်ရွက်ရန်လိုကြောင်း၊ စီမံကိန်းများအကောင် အထည်ဖော်နိုင်ရေးဆောင်ရွက်ရာတွင် လုပ်ငန်းများလျှင်မြန်စွာ ဆောင်ရွက်နိုင်ရန် Infrastructure များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထား ရန်လိုကြောင်း၊ စီမံကိန်းအကောင် အထည်ဖော်ဆောင်ရွက်ပြီးချိန်တွင် အလုပ်သမားများအတွက် စားသောက်ရေး၊ နေထိုင် ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို လုံလောက်စွာဆောင်ရွက်နိုင်ရေး အတွက် လိုအပ်သည့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ၊ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်မည့် ဆေးရုံများတည်ဆောက်ခြင်းကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရန် လိုကြောင်း၊ စီမံကိန်းအကောင်အထည်ဖော်ရာ တွင်လည်း ပတ်ဝန်းကျင်စိမ်းလန်း စိုပြေ ရေးအတွက်သစ်ပင်များကို ကြိုတင်စိုက်ပျိုးရန်နှင့် Green Zone များသတ်မှတ်၍ ဆောင်ရွက်ရန်လိုကြောင်း၊ လမ်းများ၏ ဘေးတစ်ဖက် တစ်ချက်တွင်လည်း သစ်ပင်များ ကို စနစ်တကျစိုက်ပျိုးရန်နှင့် ဓာတ်ကြိုးသွယ်တန်းမှုများကို စနစ်တကျရှိစေရေး ဆောင်ရွက်ရန်လိုကြောင်း၊ စီမံကိန်းဆောင်ရွက်မည့်နေရာသို့ ဝင်ရောက်မည့်လမ်းများကို လည်း စနစ်တကျ ဖြင့်ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရန်လိုကြောင်း၊ စီမံကိန်းကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရေး သက်ဆိုင်ရာကုမ္ပဏီများနှင့် ဆက်သွယ် ဆောင်ရွက်ရန်လိုကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အတွင်းစိုက်ပျိုးမြေများ လျော့နည်းမှုမရှိစေရေး အခြားနည်းဖြင့် အသုံးပြုခြင်းများကို တာဝန်ရှိသူများအနေဖြင့် ခွင့်ပြုခြင်းမပြုရန် ကြပ်မတ်စေလိုကြောင်း ဖြင့်မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတောဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် ညီလာခံကျင်းပခဲ့သည့် ပြည်ထောင်စုခန်းမကြီးသို့ရောက်ရှိပြီး ပြည်ထောင်စု ခန်းမကြီးနှင့် အနော်ရထာရိပ်သာတို့အား ပြန်လည်ပြုပြင် ထိန်းသိမ်းဆောင်ရွက်ခဲ့မှု မှတ်တမ်းဓာတ်ပုံများနှင့် အဆောက်အဦများအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြ ကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က နိုင်ငံတော်ဝန်ကြီးချုပ်က အမျိုးသားညီလာခံကျင်းပခဲ့သည့် အဆောက်အဦ များသည် နိုင်ငံတော်အတွက်အရေးကြီးသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ရေးဆွဲ ဖော်ဆောင်ခဲ့သည့် သမိုင်းဝင်အဆောက်အဦများဖြစ်ကြောင်း၊ ထို့ကြောင့် အဆောက်အဦ များပျက်စီးမှုများမရှိစေရေး စနစ်တကျဖြင့်ထိန်းသိမ်းထားရှိရန်လိုကြောင်းဖြင့် လမ်းညွှန် မှာကြားသည်။
အဆိုပါ အမျိုးသားညီလာခံကျင်းပခဲ့သည့် ပြည်ထောင်စုခန်းမအဆောက်အဦတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အတည်ပြုပြဋ္ဌာန်းနိုင်ရေးအတွက် ၂၀၀၄ ခုနှစ်မှ ၂၀၀၇ အထိ အစုအဖွဲ့ ၈ ဖွဲ့မှ ကိုယ်စားလယ် ၇၀၂ ဦးဖြင့် အမျိုးသားညီလာခံ ၇ ကြိမ် ကျင်းပခဲ့ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)အတည်ပြုပြဋ္ဌာန်းပြီးချိန်တွင် အဆိုပါညီလာခံခန်းမကြီးကို အသုံးပြုခြင်းမရှိတော့ကြောင်း၊ ပြုပြင်ထိန်းသိမ်းမှုများ အားနည်းခဲ့သဖြင့် ပျက်ဆီးမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ခရီးစဉ်အတွင်း လမ်းညွှန်မှာကြားချက်အရ ယခုအခါ ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်းများ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိ သည်။