ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဝင်ရောက်တိုက်ခိုက်မှုကြောင့် ရခိုင်ပြည်နယ် အတွင်း၌ နေထိုင်သူ စုစုပေါင်း ၁၄၅ ဦး သေဆုံးခဲ့ နေပြည်တော်၊ မေ - ၁၉

Friday, May 19, 2023 - 16:45

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော အလွန့်အလွန်အားကောင်း သော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”(MOCHA) မေလ ၁၄ ရက်တွင် တိုက်ခိုက်မှု ကြောင့် မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ပျက်စီးဆုံးရှုံးမှု စာရင်းများအား အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်လျက်ရှိပါသည်။

ထိုသို့ ထုတ်ပြန်လျက်ရှိရာ မေလ ၁၇ ရက် မွန်းလွဲပိုင်းထိရရှိသော စာရင်းများအရ ရခိုင်ပြည်နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများ၌ ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”(MOCHA) တိုက်ခတ်မှုကြောင့် ၄၈ ဦး သေဆုံးခဲ့ ကြောင်း သတင်း ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”(MOCHA) တိုက်ခတ်မှုကြောင့် မေ ၁၈ ရက် ညပိုင်းထိ ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်နှင့် မြေပုံမြို့နယ်တို့၌ ဒေသခံပြည်သူ ၆ ဦးနှင့် IDP Camp မှ ၉၁ ဦး စုစုပေါင်း ၉၇ ဦး ထပ်မံသေဆုံးခဲ့ကြောင်း သိရှိရ၍ သေဆုံးသူ စုစုပေါင်း ၁၄၅ ဦး ရှိပြီဖြစ်ကြောင်း သိရှိရသည်။

ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့သည့် နေရာများ၌ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အသင့်ပြင်ဆင်စုဖွဲ့ထားရှိ သည့် ကူညီကယ်ဆယ်ရေးအဖွဲ့များက ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့များနှင့် အတူ ကူညီကယ်ဆယ်ရေး လုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အား ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။