ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော အလွန့်အလွန်အားကောင်း သော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”(MOCHA)တိုက်ခိုက်မှုကြောင့် ရခိုင်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်ထိခိုက်ခဲ့သည့် ဒေသခံပြည်သူများအတွက် တပ်မတော်(ကြည်း၊ ရေ၊လေ)မိသားစုများနှင့် စေတနာရှင်အလှူရှင်များက လှူဒါန်းသည့် ကူညီကယ်ဆယ် ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများကို လည်းကောင်း၊ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ထောက်ပံ့ပေးအပ်သည့် ကူညီကယ် ဆယ်ရေးပစ္စည်းများကိုလည်းကောင်း တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်၊ ရေယာဉ်များဖြင့် ကူညီပို့ဆောင်ပေးလျက်ရှိသည်။
ထိုသို့ပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် တပ်မတော်(ကြည်း၊ရေ၊ လေ) မိသားစုများက လှူဒါန်းသည့် ဆန်အိတ် ၁၀၀ အိတ်၊ ရေသန့်ဘူးများ၊ တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် စည်သွပ်ဗူးများနှင့် စားသောက်ဖွယ်ရာ များ၊ တစ်ကိုယ်ရည်အသုံးအဆောင်ပစ္စည်းများ၊ ဆေးပစ္စည်းများနှင့် ကူညီ ကယ်ဆယ်ရေးအဖွဲ့များကို တင်ဆောင်၍ နေပြည်တော်လေဆိပ်မှ စစ်တွေ လေဆိပ်သို့ပထမအကြိမ်ဖြင့်လည်းကောင်း၊ ဆန်အိတ် ၁၈၀ အိတ်၊ တပ်မတော် စက်ရုံများမှထုတ်လုပ်သည့် စည်သွပ်ဘူးများဖြစ်သည့် ကြက်သားအာလူး၊ ငါးတန်အချိုပေါင်း၊ ငါးသားလောက်၊ သီးစုံဘူးများ၊ ဘီစကစ်ထုပ်များ၊ ရေသန့်ဘူးများနှင့် အခြားစားသောက်ဖွယ်ရာများကို တင်ဆောင်၍ ဒုတိယ အကြိမ်ဖြင့်လည်းကောင်း သွားရောက်ပို့ဆောင်ပေးသည်။
အလားတူ ယနေ့နံနက်ပိုင်းတွင်လည်း ဓာတ်ဆား ၆၅ ဖာ၊ ပစ္စည်းစုံ စက္ကူဖာ ၇ ဖာ၊ မီးစက်အကြီး ၁ လုံး၊ စားသောက်ဖွယ်ရာများနှင့် ကူညီ ကယ်ဆယ်ရေးပစ္စည်းများကို ပထမအကြိမ်ဖြင့်လည်းကောင်း၊ ဆက်သွယ်ရေး တာဝါတိုင်ဆက်စပ်ပစ္စည်းများနှင့် ခေါက်ဆွဲခြောက် ၁၆၈ ဖာတို့ကို ဒုတိယ အကြိမ်ဖြင့်လည်းကောင်း တင်ဆောင်၍ ရန်ကုန်မြို့ရှိ မင်္ဂလာဒုံလေဆိပ်မှ စစ်တွေလေဆိပ်သို့ ပို့ဆောင်ပေးသည်။ ထို့အတူ သွပ်ချပ်များနှင့် ခေါက်ဆွဲ ခြောက် ၁၀၀ ဖာတို့ကို တပ်မတော်လေယာဉ်ဖြင့် ရန်ကုန်မြို့မှ ကိုကိုးကျွန်းသို့ ပို့ဆောင်ပေးခဲ့သည်။
အဆိုပါ တပ်မတော်လေယာဉ်များဖြင့် ရောက်ရှိလာသော ပစ္စည်းများကို တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်းနှင့် သက်ဆိုင်ရာသို့ ဆက်လက်ဖြန့်ဝေ သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။