မေလ ၁၃ ရက် မွန်းလွဲ ၂ နာရီ က ဆိုင်ကလုန်း မုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်၊ တော်တလုပ်ကျေးရွာအုပ်စု၊ သုံးခွကျေးရွာနှင့် ကျီးချောင်းကျေးရွာ တို့ရှိ နေအိမ်(၅)လုံး ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။
မအူပင်မြို့၌ မုန်တိုင်းတိုက်ခတ်စဉ် လေတိုက်နှုန်းသည် တစ်နာရီလျှင် မိုင် ၃၀ နှုန်းရှိ ကြောင်း၊ မိုးရေချိန် ဒသမ ၃ လက်မရွာသွန်းခဲ့ကြောင်း၊ မအူပင် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသနေပြည်သူများပူးပေါင်း၍ သဘာဝဘေးဒဏ်ခံရသူများ အားနီးစပ်ရာဆွေမျိုးနေအိမ်များသို့ ပြောင်းရွှေ့ပေးခြင်း၊ ပြိုကျနေအိမ်များရှင်းလင်း ပေးခြင်းနှင့် ကယ်ဆယ်ရေးပစ္စည်းများ ကူညီထောက်ပံ့ပေးခဲ့ကြကြောင်း သိရသည်။
အလားတူ မေလ ၁၃ ရက်နေ့ ညနေ ၄ နာရီခွဲက ဆိုင်ကလုန်း မုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့တွင် လူနေအိမ် ၃ လုံးပြိုကျ ပျက်စီးခဲ့သဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူတို့မှ နေအိမ်များ ပြန်လည် ပြုပြင်တည်ဆောက်ပေးခြင်း၊ ပစ္စည်းတန်ဖိုးငွေများနှင့် ကယ်ဆယ်ရေး ပစ္စည်းများ ထောက်ပံ့ပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အလားတူ မေလ ၁၄ ရက်နေ့ နံနက် ၁၁ နာရီခွဲချိန်က ဆိုင်ကလုန်း မုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့၊ မြစိမ်းရပ်ကွက်တွင် နေအိမ် ၂ လုံး ပြိုကျပျက်စီးခဲ့၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့တို့မှ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများနှင့် လိုအပ်သည့် ကူညီမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။