ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဝင်ရောက်တိုက်ခိုက်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ လိုအပ်သည့် ကူညီကယ်ဆယ် ရေးလုပ်ငန်းများ ဆောင်ရွက် နေပြည်တော်၊ မေ - ၁၄

Sunday, May 14, 2023 - 17:30

          ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော အလွန့်အလွန်အားကောင်း သော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”(MOCHA)၏ အရှိန်ကြောင့် ဒီရေမြင့်တက်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းများဖြစ်ပေါ်လျက်ရှိပါ သည်။

          အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”၏ အရှိန်ကြောင့် ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ကျေးရွာများ၌ လူနေအိမ်နှင့် သစ်ပင်များ ပြိုလဲပျက်စီး၍ လမ်းများပိတ်ဆို့ခြင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီးခနောင် တိုမြို့နယ်၊ သခင်ဘသောင်းရပ်ကွက်ရှိ ဒေါနလမ်းပေါ်သို့ သစ်ပင်သစ်ကိုင်း များလဲကျခြင်း၊ ပဲခူးတိုင်းဒေသကြီး သဲကုန်းမြို့နယ်တွင် သမဝါယမဦးစီးဌာန ရုံးရှေ့ရှိ ယူကလစ်အပင်များ လဲကျခြင်း၊ ဓာတ်တိုင်များ လဲကျခြင်း၊ မိုးညိုမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်နေ ကျေးရွာများတွင် နေအိမ်များ ပြိုလဲခြင်းနှင့် အမိုးလန်ခြင်းများ ဖြစ်ပွားခြင်း၊ မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်တွင် မြေနိမ့်ပိုင်း သီးနှံစိုက်ခင်းများအတွင်း ရေဝင်ရောက်ခြင်း၊ ကားလမ်းမပေါ် ရေကျော်ခြင်း၊ လမ်းများရေတိုက်စား၍ ပျက်စီးခြင်း၊ ဓာတ်တိုင် များနှင့် သစ်ပင်များ လဲကျမှုဖြစ်ပွားခြင်း၊ ပွင့်ဖြူမြို့နယ်တွင် မြို့နယ်လူဝင်မှုကြီး ရေးရုံးအနီးတွင် မြို့တွင်း မိန်းလမ်းဘေးရှိ သစ်ပင်များ လဲကျခြင်းကြောင့် လမ်းများ ပိတ်ဆို့မှု ဖြစ်ပွားခြင်း၊ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ရှိ ကျောက်ဖြူ ပညာရေးကောလိပ် သဇင်ဆောင် အမိုးပျက်စီးခြင်း၊ ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်တွင် သစ်ပင်နှင့် ဓာတ်တိုင်များပြိုလဲခြင်း၊ ဝါးခယ်မမြို့နယ်တွင် လူနေအိမ်နှင့် သစ်ပင်များ ပြိုလဲပျက်စီးခြင်း၊ ဘိုကလေးမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့နယ်၊ ကျောင်းကုန်းမြို့နှင့် ကံကြီးထောင့်မြို့တို့တွင် လူနေအိမ်နှင့် သစ်ပင်များ ပြိုလဲပျက်စီး၍ လမ်းများပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့သည်။

          အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ သည့် နေရာများ၌ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အသင့်ပြင်ဆင် စုဖွဲ့ ထားရှိသည့် ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့များနှင့်အတူ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ၊ ဘေးလွတ်ရာနေရာများသို့ ပြောင်းရွေ့ပေးလျက်ရှိကြောင်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက သွားရောက်၍ လိုအပ်သည်များဖြည့်ဆည်း ဆောင် ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။