ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ၏ နေအိမ်အား ဆူပူအကြမ်းဖက်သူများက ဝင်ရောက်ဖျက်ဆီး
နေပြည်တော်၊ မေ ၃
၂၀၂၁ ခုနှစ်၊ မေလ ၂ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့ရှိ မြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ၏ နေအိမ်အား ဆူပူအကြမ်းဖက်သူများက ဝင်ရောက်ဖျက်ဆီးခဲ့မှုကြောင့် နေအိမ်အတွင်းရှိ ပစ္စည်းများပျက်စီးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေလ ၂ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်တွင် သီပေါမြို့၊ တောင်မြို့ရပ်ကွက် နေ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးစိုင်းသာလှိုင် (၇၃)နှစ် (ဘ) ဦးဩတိမ်၏ နေအိမ်အား ဆူပူအကြမ်းဖက်သူအင်အား ၅၀ ဦးခန့်က ဆူပူအော်ဟစ် ရောက်ရှိလာပြီး “ဒလံ”အိမ်ဟု ပြောဆိုကာ ဝင်ရောက်ဖျက်ဆီးနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က အခြေအနေအား ထိန်းသိမ်းနိုင်ရေး သွားရောက်ခဲ့ရာ ဆူပူအကြမ်းဖက်သူများအား မတွေ့ရှိရတော့ဘဲ ၎င်းတို့၏ အကြမ်းဖက်ဖျက်ဆီးခဲ့မှုကြောင့် ဦးစိုင်းသာလှိုင်၏ နေအိမ်၊ နေအိမ်နှင့် တွဲလျက်ဖွင့်ထားသော Beauty & Me ဆံပင်၊မိတ်ကပ်နှင့် သတို့သမီးဝတ်စုံငှားရမ်းခြင်း ဆိုင်ခန်း အတွင်းမှ ရေခဲသေတ္တာ ၁ လုံး၊ CCTV ကင်မရာ ၃ လုံး၊ Air Con ၂ လုံး၊ ပြတင်းတံခါးမှန် ၁ ချပ်၊ သစ်သားတံခါး ၁ ချပ်၊ သစ်သားဆက်တီ ၁ စုံ၊ အဝတ်လျှော်စက် ၂ လုံး၊ ပလပ်စတစ်ထိုင်ခုံ ၂ လုံး၊ မှန်အကြီး ၂ ချပ်၊ မှန်ကောင်တာ ၂ ခု၊ ဆိုင်းဘုတ် ၃ ခု၊ အလှပြင်ဆိုင် တံခါးများ၊ ဆိုင်အတွင်းရှိ အလှကုန် ပစ္စည်းများ၊ ဝရံတာစတီးလက်ရန်တိုင်များ ကျိုးပဲ့ပျက်စီးနေသည်ကို တွေ့ရှိခဲ့ရသည်။
အဆိုပါဖြစ်စဉ်မှ အကြမ်းဖက်ဖျက်ဆီးမှုလုပ်ရပ်များတွင် ပါဝင်ပတ်သက်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။