ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း စတင်ဖြစ်ပေါ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ တိုင်းထွာချက်အရ သိရှိရချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်နှင့်အညီ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ အရေးပေါ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကိုကျင်းပ၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန (Disaster Management Centre – DMC)ကို မေလ ၈ ရက်နေ့တွင်စတင် ဖွဲ့စည်းခဲ့ကာ မုန်တိုင်းအန္တရာယ် ကျရောက်နိုင်သည့် ဒေသများကို စားသောက်ဖွယ်ရာများ၊ ဆေးပစ္စည်းများနှင့် ကူညီကယ်ဆယ်ရေးဆိုင်ရာပစ္စည်းများ ကြိုတင်ပို့ဆောင် ထားခဲ့ပြီးဖြစ်သည်။
ယခုအခါ ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA)သည် အားအလွန်ကောင်း သော ဆိုင်ကလုန်းမုန်တိုင်းအဖြစ်ရောက်ရှိကာ ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်လာခဲ့ပြီး ၎င်းဆိုင်ကလုန်းမုန်တိုင်းအရှိန် ကြောင့် သံတွဲလေဆိပ်ရှိ နားနေဆောင်အဆောက်အဦများ ပျက်စီးခြင်း၊ ဂွမြို့နယ်၊ ရွှေဥကွင်းကျေးရွာ၌ ထရန်စဖော်မာများ ပျက်စီးခြင်း၊ စစ်တွေ့မြို့၌ လူနေအိမ်များ၊ အဆောက်အဦများနှင့် သစ်ပင်များ ပျက်စီးခြင်း၊ ကျောက်ဖြူမြို့နှင့် ပတ်ဝန်းကျင် ကျေးရွာများ၌ ကမ်းစပ်ရှိ မော်တော်ဘုတ်များ၊ လူနေအိမ်များ၊ လမ်းမီးတိုင်များနှင့် ဆက်သွယ်ရေးတာဝါတိုင်များ ပျက်စီးခြင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ကိုးကိုးကျွန်း၌ အားကစားကွင်းရှိ အဆောက်အဦများ အမိုးများပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့သည်။
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ သည့် နေရာများ၌ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အသင့်ပြင်ဆင် စုဖွဲ့ ထားရှိသည့် ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့များနှင့်အတူ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက သွားရောက်၍ လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်း ရရှိသည်။