တပ်မတော်(လေ)နှင့် ထိုင်းဘုရင့်လေတပ်တို့အကြား (၇)ကြိမ်မြောက် Air Working Group အစည်းအဝေးသဘောတူညီချက်အရ အဆင့်မြင့်အရာရှိကြီးများ အပြန်အလှန် လေ့လာရေးအစီအစဉ်အား ထိုင်းဘုရင့်လေတပ်မှ Air Marshal Chainat Phonkit ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင် ၅ ဦးသည် မေလ ၈ ရက် နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာခဲ့ကြရာ တပ်မတော်(လေ)မှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြပါသည်။
အဆိုပါ Air Marshal Chainat Phonkit ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မေ ၉ ရက် နံနက်ပိုင်းတွင် တပ်မတော်(လေ)မှ စစ်ဦးစီးအရာရှိချုပ်(လေ)နှင့် နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးခဲ့ကြပြီး အထိမ်းအမှတ် လက်ဆောင်များ အပြန်အလှန် လဲလှယ်ခဲ့ကြကာ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကူးခဲ့ကြပါသည်။ ထို့နောက် ထိုင်းဘုရင့်လေတပ်မှ အဆင့်မြင့်အရာရှိကြီးများ ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်ရှိ ကျောက်မျက် ရတနာပြတိုက်သို့ သွားရောက်လေ့လာခဲ့ကြပြီး ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက် ကြသည်။
ဆက်လက်၍ Air Marshal Chainat Phonkit ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မေလ ၁၀ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်သို့ သွားရောက်ဖူးမြော်ခြင်းနှင့် ဆင်ဖြူတော်အား ကြည့်ရှုလေ့လာခဲ့ကြပါသည်။ ထို့နောက် Air Marshal Chainat Phonkit ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညို ခဲ့ကြပါသည်။ ထို့နောက် နေ့လယ်ပိုင်းတွင် တပ်မတော်လေယာဉ်ဖြင့် လေကြောင်းအတတ်သင်လေတပ်စခန်း ဌာနချုပ်နှင့် လေကြောင်းစစ်ဆင်ရေးသင်တန်းကျောင်းသို့ သွားရောက်လေ့လာကြရာ တာဝန်ရှိသူတစ်ဦးက တပ်သမိုင်း၊ လေကြောင်းစစ်ဆင်ရေးသင်တန်းကျောင်းနှင့် လေယာဉ်မောင်းသင်ကျောင်းဆိုင်ရာ အကြောင်းအရာများအား ရှင်းလင်းပြသသည်။
ယင်းနောက် အဆိုပါအဖွဲ့သည် လေကြောင်းအတတ်သင်လေတပ်စခန်း ဌာနချုပ်ရှိ ပြခန်းအား ကြည့်ရှုကြသည်။ ဆက်လက်၍ အဆိုပါအဖွဲ့သည် လေယာဉ်မောင်းသင်ကျောင်းသို့ သွားရောက်လေ့လာကြရာ တာဝန်ရှိသူ တစ်ဦးက လေယာဉ် ၄ မျိုးအား ရှင်းလင်းပြသကာ လေယာဉ်မောင်းသင်တန်းသားများနှင့် စုပေါင်းဓာတ်ပုံ ရိုက်ကူးခဲ့ကြပါသည်။ ၎င်းနောက် မေလ ၁၁ ရက်နံနက်ပိုင်းတွင် ညောင်ပွားပင် ဘုရားအား သွားရောက်ဖူးမြော်ခဲ့ကြပါသည်။ ထို့နောက် လေကြောင်း အတတ်သင် လေတပ်စခန်း ဌာနချုပ်မှူးက တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာ စားပွဲသို့ တက်ရောက်ခဲ့ကြသည်။
ဆက်လက်၍ Air Marshal Chainat Phonkit ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မေလ ၁၁ ရက်တွင် ရွှေတိဂုံစေတီတော်၊ ဗိုလ်တထောင် ဘုရားသို့ သွားရောက်ဖူးမြော်ကြည်ညိုပြီး ဗိုလ်ချုပ်အောင်ဆန်းဈေးသို့ လှည့်လည် ကြည့်ရှုခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ညပိုင်း၌ ထိုင်းလေတပ် စစ်သံမှူးရုံးမှ တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့ကြသည်။
Air Marshal Chainat Phonkit ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထိုင်းနိုင်ငံသို့ ပြန်လည် ထွက်ခွာသွားကြရာ တပ်မတော်(လေ)မှ တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ခဲ့ကြ ကြောင်း သတင်းရရှိသည်။