သဘာဝဘေးအန္တရာယ်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုများပြုလုပ်၊ ကယ်ဆယ်ရေး ပစ္စည်းများနှင့် အထောက်အကူပြုပစ္စည်းများ အသင့်ပြင်ဆင်ထားရှိမှုများအား ကြည့်ရှု စစ်ဆေး နေပြည်တော်၊ မေ - ၁၂

Friday, May 12, 2023 - 17:00

          ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတွင် ဖြစ်ပေါ်လျက်ရှိသည့် လေဖိအားနည်းရပ်ဝန်းသည် တဖြေးဖြေးအားကောင်းလာကာ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ရောက်ရှိလာနိုင်ပြီး ခန့်မှန်းချက်များအရ မြန်မာနိုင်ငံဘက်သို့ ဖြတ်သန်းဝင်ရောက်နိုင်သည့် အခြေအနေ ရှိနေသဖြင့် သဘာဝဘေးအန္တရာယ်ကျရောက်လာပါက အရေးပေါ်စီမံခန့်ခွဲခြင်း၊ တုံ့ပြန်ခြင်း၊ ကယ်ဆယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ အသင့်ပြင်ဆင်စုဖွဲ့ထား ရှိခြင်း၊ ပြန်လည်ထူထောင်ရေးဆိုင်ရာ ကိုယ်စီလုပ်ငန်းတာဝန်များအား ဇာတ်တိုက် လေ့ကျင့်ခြင်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ဆောင်ရွက်လျက်ရှိ သည်။

          ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပင်လောင်း မြို့နယ်၊ ကံသာဦးရပ်ကွက်ရှိ ပင်လောင်းမြို့နယ်အားကစား ကွင်း၌လည်းကောင်း၊ မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ နတ်မှော်ကျေးရွာ ဆိုင်ကလုန်း စင်တာ၌ လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီတပ်နယ်၌ လည်းကောင်း အသီးသီးစုဖွဲ့၍ နယ်မြေခံတပ်မတော်သားများက ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ ဝင်များ၊ လူမှု ကယ်ဆယ် ရေးအဖွဲ့များ၊ ဒေသခံတိုင်းရင်းသား ပြည်သူများနှင့်ပူးပေါင်း၍ ဇာတ်တိုက် လေ့ကျင့်မှု များ၊ ပြင်ဆင်စုဖွဲ့မှုများကို ဆောင်ရွက်ကြသည်။ ယင်းသို့ ဆောင်ရွက်နေမှုများကို  သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ် များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးကြပြီး သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးပစ္စည်းများနှင့် အထောက် အကူပြုပစ္စည်း များကို ထောက်ပံ့ပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ထို့ပြင် သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ဒေသခံပြည်သူများအား အချိန်နှင့် တပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး အတွက် သဘာဝဘေး အန္တရာယ်ဆိုင်ရာ ကူညီကယ်ဆယ်ရေးအဖွဲ့များ ကြိုတင်ပြင်ဆင် ထားရှိခြင်း၊ ကယ်ဆယ်ရေးပစ္စည်းများနှင့် အခြားအထောက်အကူပြုပစ္စည်းများ သိုလှောင်ထားရှိခြင်း၊ မုန်တိုင်းဒဏ်ခံ ကာကွယ်ရေးအဆောက်အဦ(Cyclone Shelter) များ ပြင်ဆင်ထားရှိခြင်း၊ ရိက္ခာအမယ်(၅)မျိုးနှင့် သောက်သုံးရေ လုံလောက်စွာရရှိရန် ဆောင်ရွက်ထားရှိခြင်းတို့ကို သက်ဆိုင်ရာ နယ်မြေအလိုက် ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိသည်။

၎င်းအပြင် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်နှင့် မြောင်းမြမြို့နယ် အတွင်းရှိ မုန်တိုင်းဘေးရှောင် ပြည်သူများအား ယနေ့နံနက်ပိုင်းတွင် အနောက်တောင် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင် နှင့် တာဝန်ရှိသူများက သွားရောက် တွေ့ဆုံ အားပေးစကားပြောကြားပြီး ဆန်၊ ဆီ၊ ကြက်ဉနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး လပွတ္တာမြို့နယ်၊ ဇင်ရွဲလေး ကျေးရွာနှင့် သင်္ကန်းကြီးကျေးရွာများရှိ မုန်တိုင်းဒဏ်ခံကာကွယ်ခိုလှုံရေး အဆောက် အဦ(Cyclone Shelter)များ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် ရိက္ခာ အမယ် ၅ မျိုးနှင့် သောက်သုံး ရေလုံလောက်စွာရရှိရန် ဆောင်ရွက်ထားရှိမှု အခြေ အနေများအား ကြည့်ရှုစစ်ဆေးသည်။

ထို့အပြင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်း အဝေးများကို ယနေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌လည်းကောင်း၊ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်ရှိ ပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ လည်းကောင်း အသီးသီးပြုလုပ်ကြရာ ပြည်နယ်ဝန်ကြီး ချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ် များက အမှာစကားများ အသီးသီးပြောကြားကာ အစည်းအဝေးတက်ရောက်လာကြသူ များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြ ကြောင်း သတင်းရရှိသည်။