မြို့နယ်အချို့၌လက်နက်ကိုင်ဆောင်လိုခြင်းမရှိသည့် ပြည်သူလူထုမှလက်လုပ်သေနတ်များအားအုပ်ချုပ်ရေးတာဝန်ရှိသူများမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံလာရောက်အပ်နှံ
နေပြည်တော်၊ မေ - ၃
တိုင်းဒေသကြီး/ ပြည်နယ်များရှိမြို့နယ်အချို့၌ အေးချမ်းစွာနေထိုင်လိုသည့်ပြည်သူလူထုများမှ ၎င်းတို့၏ သဘောဆန္ဒအလျောက် ၎င်းတို့ထံတွင်ရှိသောလက်လုပ်သေနတ်များအားအုပ်ချုပ်ရေး တာဝန်ရှိသူများမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လာရောက်အပ်နှံလျက်ရှိကြောင်း သိရှိရသည်။
ထိုသို့လာရောက်အပ်နှံလျက်ရှိရာ မေလ ၂ ရက်နေ့တွင် လည်း နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ ဂါတ်ချိုင်းကျေးရွာမှ လက်နက်ကိုင်ဆောင်လိုခြင်းမရှိသည့် ပြည်သူလူထုမှ ဒူးလေး ၃ လက်၊ မြှား ၁ ချောင်း၊ လက်လုပ်သေနတ် ၁ လက် အားလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ အလှော်ကျေးရွာအုပ်စုမှ တူမီးသေနတ် ၃ လက်နှင့် လက်လုပ်သေနတ် ၃ လက် တို့အား လည်းကောင်း၊ မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်၊ ကျောက်ပန်းတောင်းကျေးရွာမှ လက်လုပ် သေနတ် ၁ လက် အားလည်းကောင်း၊ ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကွင်းကြီးကမ်းနားကျေးရွာမှ လက်လုပ် သေနတ် ၃ လက် အား လည်းကောင်း၊ ဒေါင်းချောင်း ကျေးရွာနှင့်ထန်းပင်ခုံကျေးရွာတို့မှ လေသေနတ် ၃ လက်နှင့် ဒူးလေး ၁ လက်တို့ကို လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့၊ ညောင်ကုန်း(၅) ရပ်ကွက်မှ တူမီးသေနတ် ၂ လက်အား လည်းကောင်း ကျေးရွာအုပ်ချုပ်ရေးတာဝန်ရှိသူများမှ တစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထံသို့ အသီးသီး လာရောက် အပ်နှံခဲ့သည်။
ထိုကဲ့သို့ လက်နက်ကိုင်ဆောင်လိုခြင်းမရှိသည့် ပြည်သူလူထုမှ လာရောက်အပ်နှံသော တူမီးသေနတ်၊ လက်လုပ်သေနတ်များ၊ ဒူးလေးနှင့် မြှားများအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လက်ခံရ ယူခဲ့ပြီး စနစ်တကျသိမ်းဆည်းထားရှိ ကြောင်း သတင်းရရှိသည်။