ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော PDF အဖွဲ့ဝင်များအား ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ ထပ်မံလွှဲပြောင်းပေးအပ်  နေပြည်တော်၊ မေ - ၉

Tuesday, May 9, 2023 - 16:00

          တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများ တက်ရောက် ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သည့် ဥပဒေဘောင်အတွင်းဝင်ရောက်လာသော PDF အဖွဲ့ဝင်များအား ပြန်လည်ကြိုဆိုလက်ခံ၍ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေးအပ်လျက်ရှိရာ မေ ၈ ရက်တွင်လည်း ကချင်ပြည်နယ်၊ ပူတာအိုမြို့ရှိ ဗန္ဓုလခန်းမ၌ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ပြုလုပ်ခဲ့ပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပူတာအိုတပ်နယ်မှ တာဝန်ရှိသူများ၊ ဥပဒေ ဘောင်အတွင်း ဝင်ရောက်လာသူများ၊ ၎င်းတို့၏မိဘအုပ်ထိန်းသူများ၊ ရပ်မိရပ်ဖ များတက်ရောက်ကြ သည်။

ဦးစွာ တာဝန်ရှိသူများက အမှာစကားများပြောကြားသည်။ ထို့နောက် ဥပဒေ ဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့သည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော ကချင် ပြည်နယ်၊ ပူတာအိုမြို့၊ နောင်မွန်မြို့နှင့် ဝိုင်းမော်မြို့တို့မှ PDF အဖွဲ့ဝင် အမျိုးသား ၁၄ ဦးနှင့် အမျိုးသမီး ၁ ဦးတို့အား တာဝန်ရှိသူများက ခံဝန်ကတိလက်မှတ်ရေးထိုး စေကာ ထောက်ပံ့ပစ္စည်းများပေးအပ်ပြီး ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်း အပ်နှံပေးကြသည်။

PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးတို့အနေဖြင့် နိုင်ငံတော်၏ ရှေ့လုပ်ငန်း စဉ်များတွင် ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်ရေး သတ်မှတ်စည်းကမ်း ချက်များနှင့်အညီ ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံပြီး ပြည်သူ့ဘဝ သို့ပြန်လည် ဝင်ရောက်ခြင်း ပြုမည်ဆိုပါက ကြိုဆိုလက်ခံသွားမည်ဖြစ်ကြောင်း နိုင်ငံတော်အစိုးရက ထုတ်ပြန် ထားပြီးဖြစ်ရာ ပြစ်မှုကျူးလွန်ခဲ့ခြင်းမရှိသော PDF အဖွဲ့ဝင်များက တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက် လျက်ရှိကြသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများက ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွဲပြောင်းအပ်နှံ ပေးလျက်ရှိကြောင်း သတင်းရရှိသည်။