ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ ဆူပူဆန္ဒပြမှုအား လူစုခွဲရှင်းလင်း ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၌ လုံခြုံရေးတပ်ဖွဲ့ဝင်များအား အကြမ်းဖက်သူများမှ ရန်ပြုပစ်ခတ်
နေပြည်တော်၊ မေ ၂
၂၀၂၁ ခုနှစ်၊ မေလ ၁ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၊ မြောက်ကြီးကုန်း ကျေးရွာ၌ ဆူပူဆန္ဒပြမှုအား လူစုခွဲရှင်းလင်းခဲ့ရာမှ အမျိုးသမီး ၂ ဦးအား ဖမ်းဆီးခဲ့ကြောင်းနှင့် မေလ ၂ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၌ လှည့်ကင်းဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင် များအား အကြမ်းဖက်သူများမှ ရန်ပြုပစ်ခတ်ခဲ့၍ လူစုခွဲခဲ့ပြီး အမျိုးသား ၂ ဦးအား ဖမ်းဆီးထိန်းသိမ်း ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေလ ၁ ရက်နေ့ ည ၈ နာရီခွဲအချိန်က ပေါင်းတည်မြို့နယ်၊ မြောက်ကြီးကုန်း ကျေးရွာ၌ အဆိုပါကျေးရွာနေ မြင့်ဇော် ဦးဆောင်၍ လူစုလူဝေးအင်အား ၃၀ ဦးခန့် ဆူပူဆန္ဒပြ နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့က အဆိုပါအခြေအနေအား ထိန်းသိမ်းနိုင်ရေး သွားရောက်ခဲ့ပြီး ဆူပူဆန္ဒပြနေသော လူစုလူဝေးအား လူစုခွဲနိုင်ရေး ဥပဒေနှင့်အညီ ညှိနှိုင်းဖြေလျော့ခဲ့သော်လည်း အဆိုပါလူစုလူဝေးမှ လိုက်နာမှုမရှိသဖြင့် လူစုခွဲရှင်းလင်း ခဲ့ရာ ည ၈ နာရီ ၄၅ မိနစ်အချိန်တွင် လူစုကွဲသွားခဲ့ပြီး အဆိုပါလူအုပ်စုအတွင်းမှ မြောက်ကြီးကုန်းကျေးရွာနေ သင်းယုမော် (၂၅)နှစ်(ဘ)ဦးသောင်းတင်ပါ အမျိုးသမီး ၂ ဦးအား ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်းနှင့် မေလ ၂ ရက်နေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ရွှေဘိုမြို့ပေါ်ရပ်ကွက်များအတွင်း ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် လှည့်ကင်းဆောင်ရွက်နေစဉ် နေ့လယ် ၁၁ နာရီခွဲအချိန် (၇)ရပ်ကွက်၊ ရွှေတန်ဆာဘုရားအနောက်ဘက်မုဒ် လမ်းကြားအရောက်၌ ဦးဆောင်သူ ဆူပူအကြမ်းဖက်သူ အင်အား ၅၀ ဦးခန့်က လက်လုပ်မိုင်း၊ လက်လုပ်သေနတ်၊ လေးခွများဖြင့် အကြမ်းဖက်ရန်ပြုပစ်ခတ်တိုက်ခိုက်ခဲ့၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက အဓိကရုဏ်းနှိမ်နင်းရေးလက်နက် များဖြင့် ပြန်လည်ခြောက်လှန့်ပစ်ခတ် လူစုခွဲခဲ့ရာ ၁၀ မိနစ်ခန့်အကြာတွင် လူစုကွဲခဲ့ပြီး ဆူပူအကြမ်းဖက်သူ လူအုပ်စုအတွင်းမှ ထိခိုက်ဒဏ်ရာရရှိထားသော (၇)ရပ်ကွက်နေ သက်ဝေထွန်း (၂၃)နှစ် (ဘ) ဦးမြင့်ဇော်ပါ အမျိုးသား ၂ ဦးအား ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်တွင် ဖမ်းဆီးရမိသူများအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။