ပုသိမ်ကြီးမြို့နယ်၊ “အောင်သပြေ”ရွှေဆိုင်နှင့် ပြည်ကြီးတံခွန်မြို့နယ်၊ “ထိပ်တန်း” ရွှေဆိုင်တို့အား ဓားပြတိုက်လုယက်မှုကျူးလွန်ခဲ့သည့် တရားခံများအား  ဖော်ထုတ် ဖမ်းဆီးရမိ နေပြည်တော်၊ မေ ၅ ရက်    

Friday, May 5, 2023 - 16:15

   ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီး မြို့နယ်၊ နာရီစင်အနီးရှိ “အောင်သပြေ”ရွှေဆိုင်သို့ စိစစ်ဆဲ ကျား ၄ ဦးမှ ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး ပစ္စတို ၁ ချက် မိုးပေါ်သို့ ပစ်ဖောက်ပြီး ရွှေဆိုင်အတွင်းဝင်ရောက်ကာ ဆိုင်ဝန်ထမ်းများအား လက်နက်ဖြင့်ခြိမ်းခြောက်၍ ရွှေလက်ကောက် ၁၀ ကွင်း၊ ရွှေဆွဲကြိုး မျိုးစုံ ၈၀ ကုံး၊ ရွှေလက်စွပ်မျိုးစုံ ၂၀၀ ကွင်းနှင့် ဟမ်းချိန်း ၆၀ ကွင်း၊ စုစုပေါင်း ကာလတန်ဖိုးငွေကျပ် ၁၅၀၀ သိန်းခန့်အား ဓားပြတိုက် လုယက်ယူဆောင်သွား ခဲ့ပါသည်။

          အလားတူ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၉ ရက်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ (ဇ)ရပ်ကွက်၊ စက်မှုဈေးအနီးရှိ “ထိပ်တန်း” ရွှေဆိုင်သို့ (စိစစ်ဆဲ) ကျား ၄ ဦးသည် ပစ္စတို ၂ လက် ကိုင်ဆောင်၍ ရောက်ရှိလာပြီး ဆိုင်ဝန်ထမ်းများအား လက်နက်ဖြင့် ခြိမ်းခြောက်၍ ရွှေလက်ကောက် ၃၀ ကျပ်သား၊ ရွှေဆွဲကြိုး ၇၀ ကျပ်သား၊ ရွှေနားကပ် ၅၀ ရံ၊ ရွှေကလစ် ၁၀ ခု၊ စုစုပေါင်း ကာလတန်ဖိုး ငွေကျပ် ၂၇၀၀ သိန်းခန့်အား ဓားပြတိုက်လုယက်ယူဆောင်သွားခဲ့ပါသည်။

          သို့ဖြစ်၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေသော အကြမ်းဖက် ဓားပြတိုက်လုယက်မှုများကို မလိုလားသည့် ဒေသခံပြည်သူလူထုမှ မဟာအောင်မြေ မြို့နယ်၊ ကမ်းနားလမ်း၊ ၄၀x၄၁ လမ်းကြား၊ ရတနာပုံသင်္ဘောကျင်းအနီးတွင် နေထိုင်သူ မျိုးနိုင်ဝင်း(ခ)နိုင်ဝင်း သည် အလုပ်အကိုင်အတည်တကျမရှိဘဲ ငွေကြေးများအလွန်အကျွံ သုံးစွဲနေခြင်း၊ အဖိုးတန်အသုံးအဆောင်ပစ္စည်းများ ဝယ်ယူဝတ်ဆင်နေခြင်းများ ပြုလုပ် လျက်ရှိကြောင်း လျှို့ဝှက်သတင်းပေးပို့ခဲ့သဖြင့် ၂၀၂၃ ခုနှစ်၊ မေလ ၂ ရက် နေ့လယ်ပိုင်းတွင် တရားခံ မျိုးနိုင်ဝင်း(ခ)နိုင်ဝင်း အား “အောင်သပြေ”ရွှေဆိုင်မှ ဓားပြတိုက်လုယက်ယူဆောင်ခဲ့သည့် ရွှေဆွဲကြိုး ၁ ကုံး၊ ရွှေနားကပ် ၁ ရံ၊ ရွှေလက်စွပ် ၁ ကွင်း၊ စုစုပေါင်း ကာလတန်ဖိုး ၁၈ သိန်းခန့်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

          ဖမ်းဆီးရမိတရားခံ မျိုးနိုင်ဝင်း(ခ)နိုင်ဝင်း၏ ထွက်ဆိုချက်အရ မေလ ၃ ရက် နေ့လယ်ပိုင်းတွင် ဓားပြတိုက်လုယက်ရာတွင် ခေါင်းဆောင်ခဲ့သူ ပိုင်လင်းခန့်(ခ)ကိုပိုင် အား ဝမ်းတွင်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ မြို့ဝင်ဘီးခွန်ကောက်ခံသောနေရာတွင် လည်းကောင်း၊ ဓားပြတိုက်လုယက်မှုများကျူးလွန်ရာတွင်ပါဝင်ခဲ့သည့် ဇော်မင်းထက် (ခ)အပုနှင့် ခန့်ညီညီ(ခ)ခန့်ညားလွင် တို့အား မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင် ရပ်ကွက်၊ မြို့ပတ်လမ်း၊ ၃၇x ၃၈ လမ်းကြားရှိ R1 KTV အနီး၌ “အောင်သပြေ”ရွှေဆိုင်မှ ဓားပြတိုက်လုယက်ယူဆောင်ခဲ့သည့် ရွှေဆွဲကြိုး ၁ ကုံး၊ ရွှေနားကပ် ၄ ရံ၊ ရွှေလက်စွပ် ၂ ကွင်း၊ ငွေကျပ် ၆၀ သိန်းတို့နှင့်လည်းကောင်း အသီးသီးထပ်မံဖမ်းဆီးရမိခဲ့သည်။

          ဖမ်းဆီးရမိ တရားခံ ပိုင်လင်းခန့်(ခ)ကိုပိုင် ၏ ထွက်ဆိုချက်အရ ဓားပြတိုက်လုယက် ယူဆောင်ခဲ့သည့် ရွှေထည်ပစ္စည်းနှင့် ငွေကြေးများအား ၎င်း၏မိခင် တင့်တင့်ထွေး ထံတွင် အပ်နှံထားကြောင်း ဖော်ထုတ်သိရှိရသဖြင့် မေလ ၄ ရက်တွင် မဟာအောင်မြေ မြို့နယ်၊ စိန်ပန်းရပ်ကွက်ရှိ တရားခံ ပိုင်လင်းခန့်(ခ)ကိုပိုင် ၏ နေအိမ်အား သွားရောက် ရှာဖွေခဲ့ရာ တင့်တင့်ထွေးနှင့် ပိုင်လင်းခန့်(ခ)ကိုပိုင်နှင့် တရားမဝင် ပေါင်းသင်း နေထိုင်သူ မေရီ တို့အား ဓားပြတိုက်လုယက်ရာတွင် အသုံးပြုခဲ့သည့် ပစ္စတို ၂ လက်၊ ကျည်အိမ် ၂ ခု၊ ပွိုင့်-၃၈၀ ကျည် ၂ တောင့်၊ ငွေကျပ် ၂၀၀ သိန်း၊ ရွှေထည်ပစ္စည်းမျိုးစုံ ၁၆ ခု (ကာလတန်ဖိုး ၆၁ သိန်း ၉ သောင်းကျပ်)တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

          ဖမ်းဆီးရမိတရားခံ တင့်တင့်ထွေး ၏ ထွက်ဆိုချက်အရ ဓားပြတိုက်လုယက် ယူဆောင်ခဲ့သည့် ရွှေထည်ပစ္စည်းများအား “စိန်မြင့်မိုရ်”ရွှေဆိုင်နှင့် “မန္တလာရွှေစင်” ရွှေသန့်စင်ဆိုင်များသို့ သွားရောက်ရောင်းချခဲ့ကြောင်း ဖော်ထုတ်သိရှိရသဖြင့် မေလ ၄ ရက် နေ့လယ်ပိုင်းတွင် “စိန်မြင့်မိုရ်”ရွှေဆိုင်ပိုင်ရှင် ချစ်ဦးနှင့် “မန္တလာရွှေစင်”ရွှေသန့်စင်ဆိုင် ပိုင်ရှင် ထွန်းဝင်းတို့အား “ထိပ်တန်း”ရွှေဆိုင်မှ ဓားပြတိုက်လုယက်ယူဆောင်သွားသော ရွှေထည်ပစ္စည်းများအား ပုံစံဖျက်ထားသည့် ရွှေအလေးချိန် ၁၈ ကျပ်သားခန့် (ကာလတန်ဖိုး ငွေကျပ် ၅၃၂ သိန်းခန့်)တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

          အလားတူ ဖမ်းဆီးရမိတရားခံ ခန့်ညီညီ(ခ)ခန့်ညားလွင် ၏ ထွက်ဆိုချက်အရ ဓားပြတိုက်လုယက်ယူဆောင်ခဲ့သည့် ရွှေထည်ပစ္စည်းများအား “ဝင့်ထည်ဝါ” ရွှေကောက် လုပ်ငန်း၊ “စိန်ရွှေမြ” ရွှေကောက်လုပ်ငန်းနှင့် “အောင်ပြည့်ဖြိုး” ရွှေကောက်လုပ်ငန်း များထံ သွားရောက်ရောင်းချခဲ့ကြောင်း ဖော်ထုတ်သိရှိရသဖြင့် မေလ ၄ ရက် ညနေပိုင်းတွင် “ဝင့်ထည်ဝါ” ရွှေကောက်လုပ်ငန်းပိုင်ရှင် အောင်ရဲနိုင်ဝင်း၊ “စိန်ရွှေမြ” ရွှေကောက်လုပ်ငန်းပိုင်ရှင် မြသဉ္ဇာနှင့် “အောင်ပြည့်ဖြိုး” ရွှေကောက်လုပ်ငန်းပိုင်ရှင် ဝင်းနိုင်(ခ)ရခိုင်ကြီး တို့အား ငွေကျပ်သိန်း ၅၀နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ပါသည်။

          ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ပိုင်လင်းခန့်(ခ)ကိုပိုင်၊ တင့်တင့်ထွေး နှင့် မေရီတို့သည် မန္တလေးမြို့အတွင်း ဓားပြတိုက်လုယက်မှုများ ဆောင်ရွက်ရန်အတွက် ပစ္စတို ၁ လက်အား ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလတွင် မြစ်ကြီးနားမြို့သို့ သွားရောက်၍ KIA အဖွဲ့ဝင် အမျိုးသား (စိစစ်ဆဲ) ၁ ဦးထံမှ ငွေကျပ်သိန်း ၅၀ ကျပ်ဖြင့် လည်းကောင်း၊ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၉ ရက်တွင် ပစ္စတို ၁ လက်အား မူဆယ်မြို့သို့ သွားရောက်၍  ဖမ်းဆီးရန်ကျန် တရားခံ စိုင်းကွမ်းခေး ထံမှ ပစ္စတို ၁ လက်နှင့် ခဲယမ်းများအား ငွေကျပ်သိန်း ၁၀၀ ဖြင့်လည်းကောင်း ဝယ်ယူခဲ့ကြောင်း ဖော်ထုတ်သိရှိရပါသည်။

           ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ပိုင်လင်းခန့်(ခ)ကိုပိုင် သည် မန္တလေးမြို့ပေါ် တွင် သေနတ်ဖြင့် ခြိမ်းခြောက်၍ ရွှေဆိုင်များအား ဓားပြတိုက်လုယက် ရန်အတွက် ခန့်ညီညီ(ခ)ခန့်ညားလွင်၊ မျိုးနိုင်ဝင်း(ခ)နိုင်ဝင်းနှင့် ဖမ်းဆီးရန်ကျန် တရားခံ ကိုသက် တို့အား စည်းရုံးပြောဆိုခဲ့ပြီး ရွှေဆိုင်များအား လိုက်လံကြည့်ရှုခဲ့ကြောင်း၊ ပုသိမ်ကြီးမြို့နယ်၊ နာရီစင်အနီးရှိ “အောင်သပြေ” ရွှေဆိုင်တွင် အမျိုးသမီးဝန်ထမ်း များသာခန့်ထားသည်ကိုတွေ့ရှိသဖြင့် ဓားပြတိုက် လုယက်ရန် ကြိုတင်သတ်မှတ်ခဲ့ကြောင်း၊ ဒီဇင်ဘာလ ၂၂ ရက် နေ့လယ်ပိုင်းတွင် တရားခံ ပိုင်လင်းခန့်(ခ)ကိုပိုင်မှ ဦးဆောင်၍ ခန့်ညီညီ(ခ)ခန့်ညားလွင်မျိုးနိုင်ဝင်း(ခ)နိုင်ဝင်းနှင့် ဖမ်းဆီးရန်ကျန် တရားခံ ကိုသက် တို့သည် ပစ္စတို ၁ လက်အား ကိုင်ဆောင်ကာ ဆိုင်ကယ် ၂ စီးဖြင့် “အောင်သပြေ” ရွှေဆိုင်သို့ သွားရောက်ခဲ့ပြီး ရွှေလက်ကောက် ၁၀ ကွင်း၊ ရွှေဆွဲကြိုးမျိုးစုံ ၈၀ ကုံး၊ ရွှေလက်စွပ်မျိုးစုံ ၂၀၀ ကွင်းနှင့် ဟမ်းချိန်း ၆၀ ကွင်း၊ စုစုပေါင်းကာလတန်ဖိုး ငွေကျပ် ၁၅၀၀ သိန်းခန့်အား ဓားပြတိုက်လုယက်ယူဆောင်ခဲ့ကြောင်း၊ ရရှိခဲ့သည့်ရွှေထည် ပစ္စည်းများအား ၅ ပုံခွဲကာ ပိုင်လင်းခန့်(ခ)ကိုပိုင်မှ ၂ ပုံ၊ ခန့်ညီညီ(ခ)ခန့်ညားလွင်၊ မျိုးနိုင်ဝင်း(ခ)နိုင်ဝင်းနှင့် ဖမ်းဆီးရန်ကျန် တရားခံ ကိုသက်တို့မှ ၁ ပုံစီခွဲဝေယူခဲ့ကြောင်း၊ တရားခံ ခန့်ညီညီ(ခ)ခန့်ညားလွင်မှ ၎င်းရရှိသည့် ရွှေထည်ပစ္စည်းများအား  “ဝင့်ထည်ဝါ” ရွှေကောက်လုပ်ငန်းပိုင်ရှင် အောင်ရဲနိုင်ဝင်း၊ “စိန်ရွှေမြ” ရွှေကောက်လုပ်ငန်းပိုင်ရှင် မြသဉ္ဇာနှင့် “အောင်ပြည့်ဖြိုး” ရွှေကောက်လုပ်ငန်းပိုင်ရှင် ဝင်းနိုင်(ခ)ရခိုင်ကြီး တို့ထံ ငွေကျပ်သိန်း ၁၅၀ ဖြင့် ရောင်းချခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

          အလားတူ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၇ ရက် နေ့လယ်ပိုင်းတွင် တရားခံ ပိုင်လင်းခန့် (ခ)ကိုပိုင်သည်ထိပ်တန်း” ရွှေဆိုင်အား သွားရောက်အခြေအနေကြည့်ခဲ့ရာ ဆိုင်ဝန်ထမ်း အနည်းငယ်သာရှိပြီး အမျိုးသမီးများသာဖြစ်သဖြင့် ဓားပြတိုက်လုယက်ရန် ကြိုတင် သတ်မှတ်ခဲ့ကြောင်း၊ ထို့နောက် ဧပြီလ ၁၉ ရက်တွင် ပိုင်လင်းခန့်(ခ)ကိုပိုင်မျိုးနိုင်ဝင်း (ခ)နိုင်ဝင်းဇော်မင်းထက်(ခ)အပုနှင့် ဖမ်းဆီးရန်ကျန်တရားခံ မျိုးဇင်ဟိန်း တို့သည် ပစ္စတို ၂ လက်နှင့် ဓားများကိုင်ဆောင်၍ “ထိပ်တန်း”ရွှေဆိုင်သို့ သွားရောက်၍ ရွှေလက်ကောက် ၃၀ ကျပ်သား၊ ရွှေဆွဲကြိုး ၇၀ ကျပ်သား၊ ရွှေနားကပ် ၅၀ ရံ၊ ရွှေကလစ် ၁၀ ခု၊ စုစုပေါင်း ကာလတန်ဖိုး ငွေကျပ် ၂၇၀၀ သိန်းခန့်အား ဓားပြတိုက် လုယက်ယူဆောင်ခဲ့ကြောင်း၊ ဓားပြတိုက်လုယက်ရရှိခဲ့သည့် ရွှေထည်ပစ္စည်းများအား ပိုင်လင်းခန့်(ခ)ကိုပိုင်၏ မိခင် တင့်တင့်ထွေးမှ “စိန်မြင့်မိုရ်” ရွှေဆိုင်ပိုင်ရှင် ချစ်ဦးနှင့် “မန္တလာရွှေစင်” ရွှေသန့်စင်ဆိုင် ပိုင်ရှင် ထွန်းဝင်းတို့ထံ ငွေကျပ် ၅၁၂ သိန်းဖြင့် ရောင်းချခဲ့ပြီး မျိုးနိုင်ဝင်း(ခ)နိုင်ဝင်းဇော်မင်းထက်(ခ)အပုနှင့် ဖမ်းဆီးရန်ကျန် တရားခံ မျိုးဇင်ဟိန်း တို့အား ငွေကျပ်သိန်း ၁၀၀ စီ ခွဲဝေပေးခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

          ဖြစ်စဉ်တွင် ဓားပြတိုက်လုယက်မှုကျူးလွန်ခဲ့သည့် တရားခံ ကျား ဦး၊ မ ၃ ဦး၊ ပေါင်း ၁၁  ဦးတို့အား ပစ္စတို ၂ လက်၊ ကျည်အိမ် ၂ ခု၊ ပွိုင့်-၃၈၀ ကျည် ၂ တောင့်၊ ဓားပြတိုက် လုယက်ယူဆောင်ခဲ့သည့် ရွှေထည်ပစ္စည်းမျိုးစုံ(ကာလတန်ဖိုး ၆၄,၅၉၀,၉၀၀ ကျပ်)၊ ငွေကျပ် ၂၆၀ သိန်း၊ စုစုပေါင်း ၉၀,၅၉၀,၉၀၀ ကျပ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အချိန်နှင့် တစ်ပြေးညီမဆုတ်မနစ် ကြိုးပမ်းဖော်ထုတ်ခြင်း၊ တာဝန်သိပြည်သူအချို့ကလည်း အချိန်နှင့်တစ်ပြေးညီသတင်းပေးပို့ ပူးပေါင်းပါဝင်ခြင်းများကြောင့် ဓားပြတိုက်လုယက် ခဲ့သည့်ဖြစ်စဉ်အား ဖော်ထုတ်ဖမ်းဆီး နိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဓားပြတိုက်လုယက်ယူဆောင်သွားသည့် ရွှေထည်ပစ္စည်းများအား ထုခွဲရောင်းချရာ၌ တရားမဝင် လက်ခံဝယ်ယူခဲ့သည့် “စိန်မြင့်မိုရ်” ရွှေဆိုင်၊ “မန္တလာရွှေစင်” ရွှေသန့်စင်ဆိုင်၊ “ဝင့်ထည်ဝါ” ရွှေကောက် လုပ်ငန်း၊ “စိန်ရွှေမြ” ရွှေကောက်လုပ်ငန်းနှင့် “အောင်ပြည့်ဖြိုး” ရွှေကောက်လုပ်ငန်းတို့ ကိုလည်း တရားဉပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဓားပြတိုက်လုယက်မှုတွင် ပါဝင်ကျူးလွန်ခဲ့သည့် တရားခံပြေး ၂ ဦးကိုလည်း ဆက်လက် ဖော်ထုတ်၍ အမြန်ဆုံးဖမ်းဆီးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မိဘပြည်သူများ အနေဖြင့် အဆိုပါတရားခံပြေးများအား တွေ့မြင်သိရှိရပါက  လျှို့ဝှက်စွာ သတင်းပေး တိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများချီးမြှင့်ပေးလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်လည်း ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒုစရိုက်မှုများ တားဆီးဖော်ထုတ် ဖမ်းဆီးရမိနိုင်ရေးတို့အတွက် နေ့ညမပြတ် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း အသိပေးသတင်း ထုတ်ပြန်အပ်ပါသည်။